ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီး စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါသူများ ပင်လယ်ထဲ မျောနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၁ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်အုပ်စု၊ ချိန်ခါလိန်ကျေးရွာ၏ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်တွင် ယနေ့ နံနက် ၁ဝ နာရီခန့်က စက်လှေတစ်စီး နစ်မြုပ်နေကာ စက်လှေပေါ်ပါလူများမှာလည်း ပင်လယ်ထဲ မျောနေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

ဦးထွန်းတင်စိုးက “စက်လှေက အကြီးပါ။ နွားတွေ၊ သစ်တွေ တင်တဲ့ စက်လှေမျိုးပေါ့နော်။ ကျွန်တော်တို့ ဒေသဘက်က စက်လှေနဲ့တော့ မတူဘူး။ ကျောက်ဖြူဘက်က စက်လှေမျိုးတွေနဲ့ တူပါတယ်။ စက်လှေက ဘင်္ဂလားဘက်က လာတာနဲ့ တူပါတယ်။ စက်လှေနစ်နေလို့ လူတွေလည်း ဗူးတွေကို ဖက်တွယ်ပြီး မျောနေကြတယ်” ဟု ယနေ့ နံနက် ၁၁ နာရီ ၁ဝ မိနစ်က ဆက်သွယ်စဉ် နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၇ နာရီ ခန့်က စက်လှေမှာ ချိန်ခါလိန်ကျေးရွာ၏ အနောက်ဘက် ၃ မိုင်ကျော် အကွာတွင် ရပ်နားထားပြီးနောက် နံနက် ၁ဝ နာရီခန့်က ယင်းနေရာတွင် နစ်မြုပ်သွားကာ စက်လှေပါ လူ ၁ဝ ကျော်လောက်မှာလည်း ပင်လယ်ထဲတွင် မျောနေကြကြောင်း ဦးထွန်းတင်စိုးက ဆက်ပြောသည်။

လက်ရှိတွင် ပင်လယ်ထဲတွင် မျောနေသူများအား ကူညီကယ်ဆယ်ရန် အဖွဲ့အစည်းများ မရောက်ကြသေးကြောင်း၊ သူ့အနေဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့် လှမ်းအကြောင်း ကြားထားကြောင်း ဦးထွန်းတင်စိုးက ပြောသည်။

“ကျွန်တော်ထင်တာက စက်လှေမှာ အောက်က ပျဉ်က ပေါက်သွားလို့ လုပ်နေကြရင်း ရေ အများကြီး ဝင်သွားတော့ စက်လှေနစ်ဆင်းသွားတာလု့ိ ထင်တယ်။ လေကလည်း ခတ်ပြင်းပြင်းတိုက်နေတယ်။ ဒီက ထွက်ကယ်ဖို့ကလည်း အခက်ခဲ ရှိနေတယ်။ ရေကြောအတိုင်းမျောနေလို့ သူတို့ ကမ်းကို ကူးတာ တခြားတစ်ဖက်ကိုပဲ မျောပါနေတယ်။ အဲဒါကြောင့် ကမ်းကို ကူးလို့ မရဘူးထင်တယ်။” ဟု ၄င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ချိန်ခါလိန်ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက “ကျွန်တော်တို့အဖွဲ့တွေ အကုန်လုံး ကမ်းခြေမှာ စောင့်နေကြပါတယ်။ စက်လှေကတော့ နစ်မြုပ်သွားပြီ။ သူတို့က ပေပါခွံတွေနဲ့ ကမ်းကို ကပ်လာတာ။ အဲဒီမှာ ကျွန်တော်တို့က တောက်လျောက် ကမ်းက စောင့်နေကြတာပါ။ အသက်အန္တရာယ်တော့ မရှိပါဘူး။ တော်တော်လေး ကမ်းနားကိုတောင် ရောက်နေကြပါပြီ။ လောလောဆယ်က ဒီက ကျွန်တော်တို့ တပ်ဖွဲ့တွေပဲ ရှိတယ်။ ဒီနားမှာ ဒီလိုဖြစ်ရင် ကျွန်တော်တို့အဖွဲ့တွေကပဲ ကူညီရတာပါ။” ဟု ယနေ့ နံနက် ၁၁ နာရီခွဲခန့်က နိရဥ္စရာသို့ ပြောသည်။

---------------------------------------

Unicode -



နိရဉ်စရာ၊ ဇှနျ ၁ဝ/ ၂ဝ၂ဝ







ဆက်စပ် သတင်းများ