သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်ပန်းတင်ကျွန်းတွင် ဒီရေအရှိန်ကြောင့် ရွာတွင်းရှိ လမ်းကျိုးပေါက်၍ ရွာနှစ်ခြမ်းဖြစ်သွားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၂၈/ ၂ဝ၂၁

 

မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်း၊ အမော်ရွာတွင် ယမန်နေ့မေလ ၂၆ ရက်နေ့ ညအချိန်က ဒီရေအရှိန်ကြောင့် ကျေးရွာအတွင်း ဆက်သွယ်ထားသည့်လမ်းပြိုပျက်သွားပြီး ရွာနှစ်ခြမ်းဖြစ်သွားသည်ဟု သတင်းရရှိသည်။

 

မေ ၂၆ ရက်နေ့က အိန္ဒိယနိုင် မြောက်ပိုင်း ဖြတ်ကျော်တိုက်ခတ်သွားသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် (Yaas) အရှိန်ကြောင့် ဒီရေမြင့်တက်လာပြီး လမ်းကို တိုက်စားသွားသဖြင့် လူသွားလမ်းမမှာ ကျိုးပျက်သွားပြီး  အလျားပေ ၆ဝ၊ အနံ ပေ ၃ဝ န့် အကျယ် ချောင်းဖြစ်သွားခဲ့သည်ဟု အမော်ကျေးရွာမှ ဒေါ်ခင်မြင့်သန်းက ပြောသည်။

 

အဒေါ်တို့ရွာနှစ်ခြမ်းကွဲသွားတာပါ။ အိမ်ခြေနှစ်ဆယ်ကျော် ဟိုဖက်ကမ်းပါသွားတယ်။ မုန်တိုင်းကြောင်း မိုးရွာတယ်။ ရေတွေလည်းတက်လာတယ်။ ရေက လေးပေ၊ငါးပေထိတက်ခဲ့တယ်။ ညရောက်တော့ လမ်းက မြေပြိုကျပြီး ကျိုးပေါက်သွားတယ်။ ချောင်းတစ်ချောင်းဖြစ်သွားတာပဲ။ အခုဒီရေတက်ရင် ဟိုဖက်ဒီဖက်လှေနဲ့ကူးနေရတယ်။ မြေပြိုမှာလည်း ကြောက်တယ်။စားရေးသောက်ရေးအခက်အခဲရှိတာပေါ့ ဟုပြောသည်။

 

၄င်းပန်းတင်ကျေးရွာတွင် အုပ်စုနှစ်ခုရှိပြီး ယင်းအုပ်စုနှစ်ခုပေါင်းထဲတွင် ကျေးရွာငယ် ၁၂ ရွာရှိကြောင်း၊ လူဦးရေ ၄ဝဝဝ ကျော်နေထိုင်ပြီး လမ်းကျိုးပျက်သွားသဖြင့် သွားရေးလာရေး အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

 

ပင်လယ်နားနီးသဖြင့် မုန်တိုင်းနှင့်အတူ ဒီရေတက်လာရာမှ လမ်းကို တိုက်စားသွား၍ ကျိုးပေါက်သွားခဲ့သည်ဟု ပန်းတင်ကျေးရွာ စီမံအုပ်ချုပ်ရေးမှူး ဦးဟန်ရွှေကပြောသည်။

 

ကျွန်တော်တို့အခု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အဲဒီနေရာကို ရောက်နေကြပါတယ်။ ရွာကဟိုဖက်မှာ အိမ်ခြေ ၂၆ ဆောင်ပါသွားတယ်။ ဒီဖက်အရှေ့ဖက်အုပ်စုကတော့ အိမ်ခြေ ၉ဝ ကျော်ကျန်ခဲ့တယ်။ ချောင်းဖြစ်သွားတယ်။ မုန်တိုင်းကြောင့် ဒီရေတက်လာရာက ရေတိုက်စားပြီး ရေကဆင်းစရာနေရာမရှိတော့ မြေပြိုကျပြီးချောင်းဖြစ်သွားတာပါ။ ဟုပြောသည်။

 

၄င်းတို့ စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အခြေအနေကို လေ့လာနေဆဲဖြစ်ကြောင်း၊ ဒေသခံများအား တက်နိုင်သလောက်ကူညီပေးသွားရန်စီစဉ်နေကြောင်း သူကဆက်ပြောသည်။

 

အဆိုပါပန်းတင်ကျွန်းမှာ တောင်ကုတ်မြို့၏ အနောက်ဖက် ရေမိုင်(၁၃)မိုင်ခန့်အကွာတွင်တည်ရှိပြီး ဧရိယာစတုရန်းမိုင် (၃၅) မိုင်ခန့်ရှိပြီး အိမ်ခြေ ၁ဝဝဝ ကျော်၊ လူဦးရေ ဝဝဝ ကျော်ခန့်နေထိုင်သည့် ကျွန်းတစ်ကျွန်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ