ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် မျှစ်ခူးသူအမျိုးသမီး၃ ဦး ရေနစ်သေဆုံး၊ ၁ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 10k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂၀၂၁
မြေပုံမြို့နယ် အငူကျေးရွာတွင် ယနေ့ နေ့လယ်က မျှစ်ချိုး၍ ပြန်လာသည့် အမျိုးသမီး ၄ ဦးရေနစ်ပြီး ၃ ဦး၏ အလောင်းကို တွေ့ရှိထားကာ ကျန်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
၎င်းတို့သည် တခြားအမျိုးသမီး ၅ ဦးနှင်အတူ ယနေ့ နံနက်ပိုင်းတွင် ရွာအနီးရှိ ကြက်စွန့်ကျွန်း အဆုံးတွင်ရှိသည့် ရှောက်ဖွေတောင်သို့ ဝါးတုတ် (မျှစ်ခူး) ရန် ခြေကျင်ထွက်သွားခဲ့ပြီး ပြန်လာချိန် နေ့လယ် ၁ နာရီခန့်တွင် ရေနစ်ခြင်းဖြစ်သည်ဟု အငူကျေးရွာဥက္ကဋ္ဌ၏ဇနီးဖြစ်သူ ဒေါ်တင်တင်စိုးက နိရဉ္စရာသတင်းဌာသို့ ပြောသည်။
“သူတို့က ပြန်လာတဲ့ အချိန် ကာရီ (တာ) ဆည်ထားတဲ့ နေရာမှာ ရေနစ်သွားတာ။ သူတို့ သွားတုန်း ဒီရေမတက်သေးဘူးထင်တယ်။ ပြန်လာချိန် ဒီရေတက်နေတဲ့ အချိန်မှာ ကူးတဲ့အခါ ရေနစ်သွားတာပါ” ဟု ပြောသည်။
တွေ့ရှိသည့် အလောင်း၃ လောင်းမှာ အငူကျေးရွာနေ အသက် (၂၂နှစ်) ကျော်ခန့်အရွယ် မပုယေ၊ သူမ၏ ညီမဖြစ်သူ အသက် (၁၉နှစ်)ခန့် အရွယ် အရပ်ခေါ် မလုံးဇောက်နှင့် အသက် (၅ဝနှစ်) ကျော် ဒေါ်မစံသင်းတို့ ဖြစ်ကြသည်ဟု ၎င်းက ပြောသည်။
ဒေါ်မစံသင်း၏ သမီးဖြစ်သူ အသက် (၁၉ နှစ်)ခန့် အရွယ် မတင်တင်နွယ်မှာ ပျောက်ဆုံးနေဆဲဟု သိရသည်။
သေဆုံးသူအလောင်း ၃ လောင်းအား နေ့လယ် ၂ နာရီခန့်က ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ပြန်ရှာတွေ့သည့် အလောင်း ၃ လောင်းအား အငူကျေးရွာသချိုင်း၌ ယနေ့ မြေမြုပ်သင်္ဂြိုလ်သွားမည်ဟု ကျေးရွာများထံမှ သိရှိရသည်။

ဆက်စပ် သတင်းများ