သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေရှိမြစ်ချောင်းအချို့တွင် အမှိုက်၊ မိလ္လာနှင့်အညစ်အကြေးများပျော်ဝင်မှုများနေ၍ ရေနေသတ္တဝါများကိုထိခိုက်မှုရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

အေးမြတ်ခိုင်

နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/၂ဝ၂၂

စစ်တွေမြို့နယ်အတွင်းရှိ မြစ်ချောင်းအချို့တွင် အမှိုက်၊ ရေဆိုး၊ မိလ္လာအညစ်အကြေးများနှင့် ဓာတ်မြေသြဇာများပျော်ဝင်မှုသည် သတ်မှတ်ပမာဏထက်များနေသည့်အတွက် ရေနေသတ္တဝါများ၏ ဂေဟစနစ်ကိုထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ထုတ်ပြန်ထားချက်အရ သိရသည်။

စစ်တွေမြို့နယ်ရှိ ကျောက်တန်းကြီးချောင်း၊ နာရီကန်ချောင်း၊ ရေချမ်းပြင်ချောင်း၊ View Point ၊ မြို့မဈေးဆိပ်ကမ်း၊ ဆတ်ရိုးကျချောင်းတို့၏ ရေထုအရည်အသွေးအား ဒီဇင်ဘာလအတွင်း တိုင်းတာစစ်ဆေးခဲ့ရာ သစ်ရွက်များ၊ နုန်းများ၊ သေးငယ်သော Organisms များ၊ စက်မှုလုပ်ငန်းများမှထွက်ရှိလာသည့် ရေဆိုးများ၊ အမှိုက်များ၊ မိလ္လာအညစ်အကြေးများနှင့် ဓာတ်မြေဩဇာများ သတ်မှတ်ပမာဏထက် ပျော်ဝင်နေသည်ဟု ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဇန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ပျော်ဝင်မှုများနေ၍ အဆိုပါမြစ်ချောင်းရှိ ရေနေသတ္တဝါများ၏ ရှင်သန်နေထိုင်မှုအား ထိခိုက်စေနိုင်ခြင်း၊ သန္ဓေတည်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း၊ ရေနေသတ္တဝါများ၏ကြီးထွားမှုနှုန်းကို ဟန့်တားစေခြင်း၊ ငါးဥပေါက်ဖွားမှုနှုန်းကို လျော့နည်းစေခြင်းတို့အပြင် အဆင့်မြင့်ရေနေသတ္တဝါများ၏ ဂေဟစနစ်ကို ပျက်စီးစေနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်တွေရှိ စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌဦးလှဝင်းက ရေထုညစ်ညမ်းမှုမှာ လူများကြောင့်ဖြစ်၍ စည်းကမ်းလိုက်နာမှုသည် အဓိကကျပြီး ထိရောက်မှုရှိစေရန် သီးသန့်ဥပဒေထုတ်ကာ တင်းကျပ်သင့်ကြောင်း နိရဥ္စရာကို ပြောသည်။

"လူတွေက ချောင်းမြောင်းတွေမှာ အမှိုက်စွန့်ပစ်မှုကို ထိန်းချုပ်နိုင်ရင် ဒီအန္တရာယ်တွေက ကင်းရှင်းမယ်လို့ထင်တယ်။ ဥပဒေဆိုတဲ့စကားကိုပြောနေရင်း လုပ်ချင်သလို လုပ်နေကြရင်လည်း ဘာမှထူးလာမှာမဟုတ်ဘူး။ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေတခု သီးသန့်ထုတ်ရမလိုဖြစ်နေတယ်"ဟု ပြောသည်။

ယင်းအပြင် အဆိုပါချောင်းများတွင် ရေနောက်ကျိမှုပမာဏသည်လည်း သတ်မှတ်စံချိန်စံညွှန်းထက် များပြားနေပြီး ရေနေသတ္တဝါများနှင့် ယင်းနေရာဒေသများတွင် သွားလာလုပ်ကိုင်နေသူများအတွက် သိသာထင်ရှားသော သက်ရောက်မှုမရှိဟု ဖော်ပြထားသည်။

သောက်ရေအဖြစ်အသုံးပြုလျက်ရှိသည့် စစ်တွေရှိ ကန်တော်ကြီးရေကန်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂူဝဆည်တို့၏ ရေထုအရည်အသွေးများကိုလည်း တစ်ချိန်တည်းတွင်တိုင်းတာစစ်ဆေးခဲ့ရာ ရေနောက်ကျိမှုပမာဏသည် သတ်မှတ်စံချိန်စံညွှန်းထက် အနည်းငယ်ကျော်လွန်နေသော်လည်း ကျန်းမာရေးအန္တရာယ်မဖြစ်စေနိုင်ဟု ဖော်ပြထားသည်။

အလားတူ သံတွဲမြို့နယ် ရောင်ခြည်ဦးကျေးရွာရှိ အောင်သပြေဆည်၏ ရေအရည်အသွေးကို စစ်ဆေးခဲ့ရာတွင်လည်း အရည်အသွေးကောင်းမွန်နေသည်ဟု ဆိုထားသည်။

ဓာတ်ပုံ - စစ်တွေရှိ ချောင်းအချို့တွင် အမှိုက်များဖြင့်ပြည့်နှက်နေသည်ကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ