ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဂွမြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ် ၁၂ လုံး ပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှ ကျင်းကြီးကျေးရွာအုပ်စု၊ ရမ္မာကျွန်းကျေးရွာတွင် ဇူလိူင် ၂၆ ရက် နံနက် ၄ နာရီခန့်က လေဆင်နှာမောင်း တိုက်ခတ်ကာ နေအိမ် ၁၂ လုံးပျက်စီးသွားကြောင်း သိရသည်။

အဆိုပါကျေးရွာမှ နေအိမ်ပျက်စီးသွားသော အိမ်ပိုင်ရှင်များမှာ ဦးသန့်ဇော်ဦး၊ ဦးဝေလင်း၊ ဒေါ်မှုန်ချေ၊ ဦးထွန်းထွန်းဦး၊ ဦးဖြူဝင်း၊ ဦးတရုတ်ဖြူ၊ ဦးဖေတင်၊ ဦးချစ်မွှေး၊ ဦးဇော်နိုင်ဝင်း၊ ဦးစိုးဝင်း၊  ဒေါ်တင်မြနှင့် ဦးဟန်ဝင်းဌေးတို့ဖြစ်ကြောင်း သိရသည်။

“မိုးက သိပ်မရွာဘူး။ ဒါပေမယ့်  အဲဒီလေဆင်နှာမောင်း လာတဲ့အချိန်လောက်က မိုးနည်းနည်းလေး ရွာပြီး အသံတဝုန်းဝုန်းနဲ့ ပေါ့။ ကျွန်တော်တို့ ရွာမှာက ကိုယ့်အုပ်စုနဲ့ ကိုယ့်အုပ်စုဆိုတော့ အခုပျက်စီးသွားတဲ့ဘက်ကို လေဆင်နှာမောင်းက တိုက်ခတ်သွားတာ။ အဲဒီဘက်မှာရှိတဲ့ အိမ်တွေကပဲ ပျက်စီးသွားတာပါ။ လေဆင်နှာမောင်းက တဝုန်ထိုးလာတိုက်ခတ်ပြီးတော့ ငြိမ်သွားတယ်။ ရာသီဥတုတောင် အကောင်းတိုင်းပါပဲ”ဟု ရမ္မာကျွန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသုခက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁၂၉ ဆောင်ရှိပြီး ယခု လေဆင်နှာမောင်းတိုက်ခတ်ခံရ၍ ပျက်စီးသွားသော နေအိမ်များမှာ ဓနိမိုး၊ ဓနိကာများဖြင့် ပြုလုပ်ထားကာ နေအိမ် ၁ဝ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးသွားပြီး ကျန် ၂ လုံးမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

“အပင်တွေရော၊ အိမ်တွေရော ပျက်စီးသွားပါတယ်။ တချို့လူတွေက ဝါးနဲ့ ပြန်ပြီး ဆောက်နေကြတဲ့ လူတွေလည်း ရှိပါတယ်။ကျွန်တော့်မှာက လယ်ထွန်စက်တစ်လုံးပါသွားတယ်။ သရက်ပင်လဲပြီး ဖိလိုက်လို့ပေါ့။ အိမ်ကတော့ ခေါင်မိုး လန်သွားတာပါ။ နေရတာတော့ သိပ်အဆင်မပြေဘူး”ဟု နေအိမ်ပျက်စီးသွားသည့် အိမ်ပိုင်ရှင် ဦးထွန်းထွန်းဦးက နိရဥ္စရာသတင်းဌာသို့ ပြောသည်။

၄င်း၏ နေအိမ်မှာ တစ်စိတ်တစ်ပိုင်းသာ ပျက်စီးသွားသော်လည်း လယ်ထွန်စက်မှာ သရက်ပင် ဖိမိသောကြောင့် နှစ်ခြမ်းကွဲသွားပြီး လယ်ထွန်စက်၏တန်ဖိုးမှာ ၂၅ သိန်းခန့်ဖြစ်ကြောင်းလည်း သူကပြောသည်။
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

(Photo by Rakhine fire force)

ဆက်စပ် သတင်းများ