သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ် ပေါင်မြို့နယ်မြေပြိုသည့်နေရာသို့ သွားရောက်ကြည့်ရှု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အတူ ယနေ့နံနက်က မွန်ပြည်နယ်၊ ပေါင်မြို့နယ် မြေပြိုသည့်နေရာသို့ သွားရောက်ကြည့်ရှူခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခန့်က ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲဗြားကုန်းကျေးရွာ မြေပြို၍ လူများ သေဆုံးခဲ့ရသည့် နေရာသွားရောက် ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများအား အားပေးနှစ်သိမ့်စကားများ ပြောဆိုခဲ့သည်ဟု သိရသည်။ 

မွန်ပြည်နယ် ပေါင်မြို့နယ် ခရီးစဉ်နှင့် ပတ်သက်ပြီး ရခိုင်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ဒီကသွားတာကတော့ ဝန်ကြီးချုပ်က ရန်ကုန်ကိုသွားတာပါ။ အစည်းဝေးတက်မယ်ဆိုပြီး တော့လေ။ အစည်းဝေးမတက်ရသေးတဲ့ချိန် သူအားနေတဲ့အချိန်  ပေါင်မြို့ကို သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ပြောလို့မရပါဘူး။ သူသွားကြည့်ချင်လည်း  သွားကြည့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ပါမသွားတော့ အသေချာမသိပါဘူး။”ဟု ပြောသည်။

သြဂုတ်လ ၉ ရက်နေ့က မြေပြိုကျမှုဖြစ်စဉ်တွင် တောင်မြေများပြိုကျခဲ့ပြီး ဘုန်းကြီးကျောင်း၊ လူနေအိမ်အချို့၊ ခရီးသည်တင်မော်တော်ယာဉ်များပေါ်သို့ တောင်မြေသားများဖုံးဖိသွားကာ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးများလုပ်၍ ရရှိသည့် သေဆုံးသူစာရင်းမှာ ၇၃ ဦးထိရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အတူ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းလည်း အတူလိုက်ပါသွားသည်ဟု သိရသည်။

Photo by U Sein Lwin

ဆက်စပ် သတင်းများ