သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရေကြီး၍ လူနေအိမ်အချို့ပျက်စီး၊ ကျေးရွာသားအချို့ရွှေ့ပြောင်းထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်အချို့ ပျက်စီးသွားပြီး ကျေးရွာသားအချို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားရကြောင်း သတင်းရသည်။

ထိုအထဲတွင် မောင်တောမြို့နယ်မှ သီဟိုဠ်အေးကျေးရွာနှင့် တစ်ခြားကျေးရွာအချို့ ပါဝင်ပြီး ဘူးသီးတောင်မြို့နယ်တွင် တောင်ဘဇာကျေးရွာတို့ ပါဝင်သည်။

 “ရေနစ်လို့ တောင်ဘဇာရွာက တစ်ရွာနီးပါးလောက် ရွှေ့ပြောင်း ပေးထားရပါတယ်။ ပစ္စည်းဆုံးရှုံးမှုရဲ့တန်ဖိုးက ကျွန်တော့်ဆီ စာရင်းမရောက်သေးပါဘူး ”  ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဦးစီးဌာနမှ  ဦးစီးမှူး ရဲမင်းဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကျေးရွာမှ လူဦးရေ ၄၈၈ ဦးအား ဘူးသီးတောင်မြို့နယ် ပေါက်တောပြင်ကျေးရွာသို့ ရွှေ့ပြောင်းထားရကြောင်း သိရသည်။
မောင်တောမြို့နယ် ၃ မိုင်အနီး သီဟိုဠ်အေး ကျးရွာတွင်လည်း မိုးရေကြီးမှု၊ ချောင်းရေတက်မှုတို့ကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၇ နာရီခန့် ၆ ပေအထိ ရေတက်ခဲ့ကြောင်း သီဟိုဠ်အေးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးနေအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးနေအောင်က “ဆန်တွေ၊ ထင်းတွေ ရေစိုသွားပါတယ်။ အိုးခွက်တွေ၊ စောင်တွေ၊ အဝတ်တွေလည်း အကုန် ရေထဲ မျှောပါသွားတယ်။ ကျွန်တော် စဉ်းစားရင် အိပ်လို့တောင် မပျော်ဘူး။ မိုးက ၅ ရက်လောက်ရှိနေပြီ ရွာတာ။ ရေကတော့ မနက် ၄ နာရီလောက်က ကျသွားပါပြီ။ တစ်ခါမှ အခုလို ရေမပြည့်ဖူးပါဘူး။ တစ်ခြားရွာဘက်တွေမှာလည်း ရေလျှံတယ်လို့ ကြားပါတယ်”ဟု ပြောသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၇ဝ ခန့်ရှိပြီး ရေလွှမ်းမိုးမှု ဒဏ်ခံခဲ့ရသော လူနေအိမ် ၂၄ လုံးတွင် ၄ လုံးမှာ လုံးဝ ပျက်စီးသွားပြီး ၂ဝ လုံး တစ်ပိုင်းတစ်စ ပြိုပျက် သွားခဲ့သည်ဟု ပြောဆိုသည်။
 
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီခန့်က ရေပြန်ကျသွားကြောင်း ၎င်းက ပြောသည်။

(Photo by Rakhine Fire Force)

ဆက်စပ် သတင်းများ