ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေ- ကျောက်တော်-ပလက်ဝ အစိုးရပိုင်သင်္ဘောပြေးဆွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၁၁/ ၂ဝ၂၁

လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး အတွက် ရခိုင်ပြည်နယ်စစ်တွေမြို့မှ  ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့အထိ လူစီးသင်္ဘောများ ပြန်လည်ပြေးဆွဲတော့မည်ဟု ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းကပြောသည်။

တစ်ပတ်ကိုနှစ်ခေါက်လောက်ထွက်နိုင်ဖို့လုပ်နေတယ်။ နောက်အပတ်မှာဖြစ်မယ်။ သင်္ဘောကတော့ အောင်တံခွန်တို့လိုသင်္ဘောပေါ့။ ကုလားတန် (၁) နဲ့ (၂) တွေလည်းပါမယ်ဟု ပြောသည်။

ယနေ့ နေ့လယ်  ၂ နာရီခွဲခန့်က ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်း ရေလမ်းတွေ အကုန်လုံးကို ဖွင့်ပေးထားပြီးပြီ။ အခု ကျောက်တော်- ပလက်၀ထိ ပြေးဆွဲဖို့ စီစဉ်နေတယ်ဟု ဆက်လက် ပြောဆိုသည်။

ပလက်ဝမြို့နယ်သို့ ယခင်က ကျောက်တော်မှ သင်္ဘောများပြေးဆွဲခဲ့သော်လည်း ရပ်နားထားခဲ့သည်မှာ ၂ နှစ် ကျော်ကြာခဲ့သည့်အတွက် ကုန်စည်ပို့ဆောင်ရေးနှင့် လူမှုရေး၊ ကျန်းမာရေးများတွင် ခက်ခဲခဲ့ရကြောင်း ၊ ယခုကဲ့သို့ သင်္ဘောပြန်လည်ပြေးဆွဲမည်ဆိုပါက ကြိုဆိုကြောင်း ပလက်ဝမြို့ခံ တစ်ဦးဖြစ်သူ ဦးအောင်မြင့်ကပြောသည်။

သင်္ဘောပြန်ထွက်မယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ အစိုးရသင်္ဘောဆိုတော့ စရိတ် သက်သက်သာသာနဲ့ ကုန်စည်ပို့ဆောင်နိုင်ပြီး အရင်လို စျေးကြီးပေးဝယ်စားဖို့ မလိုတော့ဘူးပေါ့။ ဝမ်းသာပါတယ်။ ဒီသတတင်းသာ အမှန်ဆိုရင် သိပ်ကောင်းတဲ့ကိစ္စပါ ဟုပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့် ၂ နှစ် တာကာလ အတွင်းတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့အကြား ကုန်လမ်း၊ ရေလမ်း အဆက်အသွယ်များ ပြတ်တောက် သွားသဖြင့် ပြည်သူများအနေဖြင့် အခက်အခဲအများအပြား ကြုံတွေ့ခဲ့ရသည်။

သို့အတွက်  ပလက်ဝ ဒေသခံများအနေဖြင့် ဆန်ကြမ်းတစ်အိတ် ၅ဝဝဝဝကျပ်နှင့် အထက်စျေးကြီးပေး ဝယ်စားခဲ့ရပြီး မကျန်းမာသည့်လူနာများအား အချိန်နှင့် တစ်ပြေးညီဆေးရုံ၊ ဆေးပေးခန်းများသို့ ပို့ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရမှုများအထိ ရှိခဲ့ကြောင်း ဒေသခံများက မီဒီယာများသို့ ဖြေကြားထားသည်။

ဆက်စပ် သတင်းများ