စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေ- ကျောက်ဖြူ-တောင်ကုတ်-မာန်အောင် ရေကြောင်းလိုင်းများ ရက်အကန့်အသတ်မရှိရပ်နား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၄/ ၂ဝ၂၁
ရခိုင်ကမ်းရိုးတန်းတစ်လျှောက် စစ်တွေ- ကျောက်ဖြူ-တောင်ကုတ်- မာန်အောင်မြို့များသို့ ပြေးဆွဲသည့် ရေကြောင်းလိုင်းများကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း သိရသည်။
စစ်တွေ-ကျောက်ဖြူသို့ပြေးဆွဲနေသော ကစ္ဆပနဒီ(၁)နှင့် (၃)တို့တွင် ကစ္ဆပနဒီ(၁)မှာ ယခုနှစ်မေလကုန်ပိုင်းမှစ၍ စက်ပျက်နေ၍ ရပ်နားထားရပြီး ကစ္ဆပနဒီ (၃)မှာ မိုးလေဝသအခြေအနေကြောင့် ရပ်နားထားရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်လင်းက ပြောသည်။
“စစ်တွေ-ကျောက်ဖြူကို ကျွန်တော်တို့ နှစ်လိုင်းဆွဲတယ်။ ကျောက်ဖြူတိုက်ရိုက်တစ်လိုင်း၊ အဲဒါ ကစ္ဆပနဒီ(၃)နဲ့။ အဲဒါ ပင်လယ်ဖြတ်တယ်။ ကစ္ဆပနဒီ(၃)က အခုမိုးရာသီဖြစ်တဲ့အတွက် ခရီးသည်နဲ့ယာဉ်အန္တရာယ်ကင်းဖို့ ရပ်နားပါတယ်။ ပွင့်လင်းရာသီကျမှ ပြန်ဆွဲမယ်။ လေးပတ်လောက်ရှိပြီ ရပ်ထားတာ။ ကစ္ဆပနဒီ(၁)က မိုးတွင်းမရပ်ဘူး။ ဆွဲတယ်။ ဒါပေမဲ့ ဘာဖြစ်လို့လဲဆိုရင် ပန်ကာအထိမ်းနဲ့ ဒေါက်ပျက်သွားလို့ ရပ်ထားရတယ်။ ပြောရင်တော့ သင်္ဘောပျက်လို့ပေါ့ဗျာ။” ဟုပြောသည်။
ကစ္ဆပနဒီ(၁)နှင့် (၃)တို့သည် ဂျပန်နိုင်ငံမှလှူဒါန်းထားသည့် အစိုးရပိုင်သင်္ဘောများဖြစ်သည်။
ကစ္ဆပနဒီ(၁)ကို စစ်တွေ-မြေပုံ- ကျောက်ဖြူသို့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းပြေးဆွဲပေးပြီး ကစ္ဆပနဒီ(၃)အား အပတ်စဉ်စနေနေ့တိုင်း စစ်တွေ-ကျောက်ဖြူမြို့သို့ တိုက်ရိုက်ပြေးဆွဲကြောင်း သိရသည်။
ယနေ့ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အန္ဒိယနိုင်ငံ၊ သြရိဿမြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့အနီး လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လျက်ရှိပြီး ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်ပင်လယ်ပြင်တွင် လှိုင်းအမြင့် (၉)ပေမှ (၁၃)ပေခန့်အထိမြင့်တက်နိုင်ကြောင်း သိရသည်။
ယင်းကြောင့် ပင်လယ်ဖြတ်ကျော်ပြေးဆွဲနေရသည့် ရေယာဉ်လိုင်းများကို ရာသီဥတုအခြေအနေကြောင့် ယာယီရပ်နားထားရခြင်းဖြစ်သည်။
ပုဂ္ဂလိကရေယာဉ်လိုင်းတစ်ခုဖြစ်သည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ကုန်ပစ္စည်းတာဝန်ခံ ကိုမောင်ဝင်းနိုင်က “ ကျန်တဲ့လိုင်းတွေအားလုံးပြေးဆွဲနေပေမဲ့ စစ်တွေ-ကျောက်ဖြူ- ရမ်းဗြဲ-ကျောက်နီမော်- တောင်ကုတ်-မာန်အောင်လိုင်းကိုတော့ ရာသီဥတုုအခြေအနေအရပိတ်ထားလိုက်ရပါတယ်။ အဲဒီဘက်က လှိုင်းကြီးတယ်။ ဇွန်လ ၁ဝ ရက်နေ့ နောက်ပိုင်းကနေပေါ့။ ဘယ်နေ့အထိပိတ်မလဲ မသေချာသေးဘူး။ ရှေ့တစ်ပတ်လည်း မသေချာသေးဘူး။ ရာသီဥတုအခြေအနေကောင်းမှပေါ့။” ဟုပြောသည်။
ယခုပိတ်ထားသည့် ရေကြောင်းခရီးစဉ်များမှာ နှစ်စဉ်မိုးရာသီအတွင်း ရေလမ်းကြောင်းအသုံးပြုသွားလာရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းသည်။

ဆက်စပ် သတင်းများ