သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တရုတ်သံအမတ်၏ ကျောက်ဖြူခရီးစဉ် ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများနှင့်လွှတ်တော် ကိုယ်စားလှယ်တို့ ဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.3k

နောင်ခိုင်အောင်
နိရဥ္စရာ၊ ဇူလိုင် ၂၇/ ၂ဝ၁၉

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr Chen Hai သည် ဇူလိုင်လ ၂၆ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ရောက်ရှိလာပြီး  SEZ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးရာတွင် ဒေသခံပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်တို့ကို ဖိတ်ကြားခြင်း မရှိသည်မှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ဝေဖန် ပြောကြား လိုက်သည်။

“ကျွန်တော်တို့ လွှတ်တော်ဥပဒေမှာလည်းပါပြီးသားပါ။ ဒေသအတွင်း မည်သည့် စီမံကိန်း လုပ်ငန်းကို မဆို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၅၁ အရ လွှတ်တော်ကိုလာရောက်ပြီးတော့ ရှင်းပြ ရမယ်ဆိုတာ ဥပဒေအရရှိပြီးသားပါ။ လွှတ်တော်ကို မရှင်းပြရင်တောင်မှ ဒီဒေသက လူထု ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖိတ်ကိုဖိတ်ရမှာ ဒါကတော့ ပွင့်လင်း မြင်သာမှုမရှိဘူးလို့ ပြောချင်ပါတယ်” ဟု ဦးဖိုးစံက ပြောသည်။

အဆိုပါသံအမတ်သည် ယမန်နေ့ မနက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်ရှိလာပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်မှစ၍ နေ့လယ် ၁ နာရီခွဲအချိန်ထိ ကျောက်ဖြူခရိုုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသအတွင်းရှိ အစိုးရဌာနမှ တာဝန်ရှိသူများနှင့် SEZ စီမံကိန်းကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။

“အဓိကတော့ SEZ စီမံကိန်းအကြောင်းကို ဆွေးနွေးကြတာပါ။ အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်သွားမယ့် အကြောင်းကို ဆွေးနွေးဖြစ်ပါတယ်။ ဒေသအတွက် ဘယ်လို အကျိုးရှိမလဲ ဆိုတာမျိုးတွေပေါ့။ အလုပ်အကိုင်အခွင်အလမ်း ကိစ္စတွေပေါလာမယ့်ဟာတွေပေါ့” ဟု ဦးစိုးမိုးကျော်က ပြောသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ၏ အခြေအနေများနှင့် ပတ်သက်၍ဒေသခံအခြေအနေများကို တင်ပြဆွေးနွေးခွင့်မရရှိပါက လုပ်ငန်းရပ်တန့်သွားသည်အထိ ကန့်ကွက်သွားမည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှို်င်းရေးမှူး ဦးထွန်းကြည်က ပြောသည်။
“တကယ်လို့ ကျွန်တော်တို့ လူထုတွေနဲ့ ညှိနှိုင်းစရာမလိုဘူး။ အစိုးရနဲ့ လုပ်ငန်းရှင်တွေလောက်ပဲ ညှိနှိုင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ လူထုတွေနဲ့ လုံးဝဆန့်ကျင်သွားမှာပဲ အစီအစဉ်တွေလည်း ရှိပြီးသားပါ” ဟု ဦးထွန်းကြည်က ပြောသည်။

သို့သော်လည်း ကျေးလက်ဒေသဖွ့ံဖြိုးရေးအသင်းအား တရုတ်နိုင်ငံသံအမတ်အနေဖြင့် ယခုအရီးစဉ်တွင် လာရောက် ဆွေးနွေးခြင်း မရှိသော်လည်း  စီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အတွက် ရခိုင်ပြည်သို့လာရောက်သည့် တရုတ်နိုင်ငံမှ  တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူများနှင့် လာရောက်ဆွေးနွေးမည်ကို မျှော်လင့်ကြောင့် သူကပြောသည်။

(ဓာတ်ပုံ- ထွန်းထွန်းနိုင်)

ဆက်စပ် သတင်းများ