သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝ အင်တာနက်ဖြတ်တောက်မှုတစ်နှစ်ပြည့်ပြီ၊ နိုင်ငံတကာနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အင်တာနက်ပြန်လည် ဖွင့်ပေးရန်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ ဇွန် ၂၁ /၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်ထားသည်မှာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် တစ်နှစ်တင်းတင်း ပြည့်မြှောက်ခဲ့ပြီဖြစ်သည်။

ထိုသို့ အင်တာနက်လိုင်းပိတ်ထားသဖြင့် ဒေသခံ ပြည်သူများ အကြား ဆိုးရွားသော ထိခိုက်မှုများ ရှိနေသဖြင့် ကမ္ဘာကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ သံတမန် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့ HRW ၊ ပြည်တွင်း ပြည်ပ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများက အင်တာနက် ပြန်လည် ဖွင့်ပေးရန် ကြေညာချက် အသီးသီးထုတ်ပြီး တောင်းဆိုခဲ့ကြသည်။ 

ရခိုင်နှင့်ချင်းပြည်နယ်တွင် မြန်မာအစိုးရက အင်တာနက် ပိတ်ဆို့မှု တစ်နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့ ပါဝင်သည့် သံတမန်အဖွဲ့အစည်းများမှလည်း  ယနေ့ ဇွန် ၂၁ ရက်နေ့စွဲဖြင့်  ကြေညာချက် တစ်စောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ 

ထို ထုတ်ပြန်ချက်ထဲတွင် လူဦးရေ တစ်သန်းနီးပါရှိသော ပြည်သူများအတွက် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ရရှိမှုကို ပြတ်တောက်စေခဲ့သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အချို့နေရာများ၌ မိုဘိုင်းဒေတာ ဝန်ဆောင်မှု ဖြတ်တောက်ထားခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ ယင်းသို့ ဖြတ်တောက် ထားခဲ့ချိန်မှစ၍ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် ကန့်သတ်ချုပ်ချယ်မှု များလည်း ဖြစ်စေ ခဲ့ပါကြောင်း၊  ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ သတင်း အချက် အလက်များ ရရှိရေးနှင့်မျှဝေနိုင်ရေးအတွက် အင်တာနက်နှင့် မီဒီယာရရှိရေးမှာ အထူးသဖြင့် ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာအရေးကြီးပါကြောင်း၊  တစ်ချိန်တည်းတွင်လည်း ပဋိပက္ခကာလတစ်ခုအတွင်း၌ပင် အင်တာနက် ကန့်သတ် ချုပ်ချယ်ထားသည့် နယ်မြေများအတွင်း ပြည်သူများနှင့်အပြန်အလှန်ဆက်သွယ်ရေးမှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရန်ကျန်းမာရေးကဏ္ဍအတွက် လွန်စွာအရေးပါလှပါကြောင်း၊  မည်သူမဆို နောက်ဆုံးဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ပါကြောင်း ဖော်ပြထားသည်။ 

ရခိုင်နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများမှ ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် (၁) နှစ်ကြာအင်တာနက် ဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ ပေးပို့ခဲ့သည်။ 

၎င်းစာထဲတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် လက်ရှိတွင် စစ်အုပ်ချုပ်ရေး အာဏာရှင် စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့်ကာလဖြစ်သည်နှင့် အညီ အမျိုးသားရင်ကြားစေ့ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ နှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှောက်လှမ်းနေရသည့် အချိန်အခါသမယလည်း ဖြစ်ပါသည်။ ပြည်သူသည်သာ အဓိက ဆောင်ပုဒ်နှင့် အညီ  တိုင်းရင်းသားပြည်သူ နိုင်ငံသားတိုင်းအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် အပြောင်းအလဲ အတွက် ဆောင်ရွက်နေသည့် ဤကာလတွင် နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ပါဝင်ခြင်း၊ မိမတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် စီးပွားရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူသုံးစွဲပိုင်ခွင့်တို့သည် ဒီမိုကရေစီဒ အခြေခံ အုတ်မြစ်ဖြစ်ပါသည်။ ယနေ့ ကမ္ဘာကြီးတွင် အင်တာနက် သုံးစွဲနိုင်မှု၊ အခွင့်အလန်းသည် နိုင်ငံသားများ၏ မရှိမဖြစ်လိုအပ်သော ဒီမိုကရေစီ၏ စံချိန်စံညွှန်း တစ်ရပ် အဖြစ်လည်း လက်ခံထားကြပြီးလည်း  ဖြစ်ပါကြောင်း  ဖော်ပြသည်။ 

၎င်းပြင် ကိုဗစ်ကာလ အင်တာနက်များ ပိတ်ထားသဖြင့် ရခိုင်ပြည်နယ်ရှိ မြောက်ပိုင်း မြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ တိုင်းရင်းသားပြည်သူတို့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကိုဗစ်-၁၉ ရေးရာ အသိပေး၊ ပညာပေး Facebook live ဆွေးနွေးပွဲများ၊ အစိုးရမှ အွင်လိုင်း Viber Group ၊ Facebook စာမျက်နှာများမှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသည့် ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံ၏ အခြားဒေသများကဲ့သို့ တန်းတူညီမျှစွာ မရရှိကြောင်း ဖော်ပြထားသည်။ 

သို့အတွက် (၁) နှစ်ကြာပိတ်ထားသည့် အင်တာနက်ကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်ပေးရန်၊ (၂) တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ လုံလောက်စွာ ရရှိနိုင်ရေး အတွက် INGO, NGOs တို့မှ သွားလာကူညီ ပေးနိုင်ခွင့်ကို နိုင်ငံ အစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန် (၃) သတင်းအလို့ငှာ မတရားအသင်းဆက်သွယ်မှုများဖြင့် တရားစွဲဆိုခံထားရသည့် အယ်ဒီတာများနှင့် သတင်းထောက်များကို အမှုမှ ပြန်လည် ရုပ်သိမ်းပေးပြီး ဒေသဆိုင်ရာ အင်တာနက် သတင်းစာမျက်နှာ (Website) များကို ပြန်လည် ဖွင့်လှစ်ပေးရန်နှင့် ရခိုင်ပြည်၏ မြေပြင် အခြေအနေမှန်များကို  မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိနိုင်စေရန် အတွက် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့် ပြုရန်တို့ကို တောင်းဆိုထားသည်။  

တောင်းဆိုသည့် ရခိုင်အဖွဲ့အစည်းများမှာ နိုင်ငံရေးပါတီ ၃ ပါတီ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၄ ဖွဲ့၊ နိုင်ငံတကာ ရခိုင်လူမှုအဖွဲ့အစည်း ၇ ဖွဲ့၊ သတင်းဌာန ၃ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့ ဖြစ်ကြသည်။ 


ဆက်စပ် သတင်းများ