သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အင်တာနက်ဖြတ်တောက်မှုအားချက်ချင်းရပ်တန့်ပေးရန် စစ်တွေတွင် ဆန္ဒထုတ်ဖော်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် ဖြတ်တောက်မှုအား ရပ်တန့်ပေးရန် စစ်တွေတွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကာ တောင်းဆိုသွားမည်ဟု သတင်းရရှိသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှင့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်တို့  ပူးပေါင်း ဦးဆောင်ပြုလုပ်သွားမည်ဟု သိရသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် စစ်တွေမြို့ ဝင်္ကဘာ ကွင်းမှ ဦးဥတ္တမပန်းခြံထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေးက  နိရဥ္စရာသို့ပြောသည်။

“ ရခိုင်ပြည်နယ် အစိုးရဖွဲ့ထံကို ခွင့်ပြုချက် တင်ပြီးပါပြီး။ သူတို့က အကြောင်းပြန်မယ်လို့ ပြောပါတယ်။ သို့သော်လည်း ကျနော်တို့က ငြိမ်းစုစီ ဥပဒေအရ သူတို့ကို ၄၈ နာရီကြိုပြီး တင်လိုက်ရင် ကျနော်တို့မှာ ပြီးပြီ။ ကျနော်တို့ ဆက်လုပ်လို့ရပါပြီ” ဟု ကိုကျော်နိုင်ဌေးက ပြောသည်။

အင်တာနက်လိုင်းဖြတ်တောက်ခံထားရမှုကြောင့်  ပြည်သူ ၈ သိန်းကျော် နစ်နာဆုံးရှုံးမှုများ ခံစားနေရကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး နှင့် အခြေခံ လူ့အခွင့်အရေးက အစ အဘက်ဘက်မှ ချိုးဖောက်ခံနေရကြောင်း၊ အင်တာနက် ဖြတ်တောက်ထားသည်မှာ ရက်ပေါင်း ၁၄၇ ရက်ကြာ ကမ္ဘာ့အရှည်ကြာဆုံး စံချိန်တင် ဖြတ်တောက်မှုဖြစ်ကြောင်း  ၄င်းက ဆက်ပြောသည်။

“ကျနော်တို့က ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညှာပြီးတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက် နဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ဖြစ်ပါတယ်။ ကျနော်တို့က ရခိုင်ပြည်သူ တွေရဲ့လိုအပ်ချက်ကို အစိုးရအနေနဲ့ အတတ်နိုင်ဆုံး လိုက်လျောပေးဖို့ပေါ့နော်။ သတင်း အမှောင်ချထားမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒီအင်တာနက်လိုင်း ဖြတ်တောက်ပြီး နောက်ပိုင်းမှာ တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာကို မြင်နေရတယ်။ အဲဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာလား ဆိုပြီး မေးခွန်းထုတ်စရာတစ်ခုလည်း ဖြစ်လာပါတယ်” ရခိုင်ပြည်ကျောင်းသား သမဂ္ဂ ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူမှုစီးပွား နစ်နာမှုများကို များစွာထိခိုက်စေပြီး လူပေါင်း ၈ သိန်းကျော်၏ နစ်နာဆုံးရှုံးမှုများအား မျက်ဝါးထင်ထင် တွေ့မြင် နေရကြောင်း၊ ယင်းကြောင့် အင်တာနက်ဖြတ်တောက်မှုအား ချက်ချင်းရပ်တန့်ပေးရေး တောင်းဆို သွားမည်ဖြစ်သဖြင့် ကျောင်းသား/သူများနှင့် မိဘပြည်သူများ မပျက်မကွက် တက်ရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ၎င်းတို့၏ ဆန္ဒဖော်ထုတ်ပွဲ အတွက် ဆော်သြသည့် လက်ကမ်း ကြော်ငြာတွင် ဖော်ပြထားသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ