သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အင်တာနက်လိုင်းအခက်ခဲကြောင့် ရခိုင်မှ မြို့နယ်အချို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ကြည့်ရှု၍ မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၉/ ၂ဝ၂ဝ

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း အောင်စာရင်းအား ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာနက အွင်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေငြာပေးနေသော်လည်း ရခိုင်မှ မြို့နယ်အချို့တွင် အင်တာနက်အခက်အခဲကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ကြည့်ရှု၍ မရဖြစ်နေကြောင်း သတင်းရရှိသည်။

မြောက်ဦးမြို့နယ်မှ ၆ ဘာသာ ဂုဏ်ထူးရှင် မပြည့်ဖူးခိုင်၏ မိခင်ဖြစ်သူ ဒေါ်ခင်ချိုမြင့်က အောင်စာရင်းကို အွင်လိုင်းမှ ကြည့်ရှု၍ မရရှိသဖြင့်  ရန်ကုန်နှင့် စစ်တွေမြို့များရှိဆွေမျိုးများအား ခုံနံပတ် ပြောပြီး ကြည့်ခိုင်းခဲ့ရသည်ဟုဆိုသည်။

“ သမီးလေး အောင်စာရင်းကို ရန်ကုန်က ဆွေမျိုးတွေနဲ့ စစ်တွေက ဆွေမျိုးတွေကို သမီးလေး ခုံနံပတ်ကို ပေးပြီး ကြည့်ခိုင်းခဲ့ရတယ်။ ဒီမှာ အင်တာနက် 2G ပဲရတာဆိုတော့ ဘယ်လိုမှကြည့်လို့မရဘူး။ တချို့လည်း အင်တာနက်မရတဲ့အတွက် အခုအချိန်ထိ အောင်/မအောင်ကို မသိရသေးဘူး။ မြို့မှာ ဆွေမျိုးရှိတဲ့ လူတွေမှာတော့ ဒီလိုပဲ တဆင့်ကြည့်ခိုင်းရတယ်”ဟု ဒေါ်ခင်ချိုမြင့်က ပြောသည်။

ကျောက်တော်မြို့နယ်  လက်ထောက် ပညာရေးမှူး ဦးဘသောင်းကလည်း ကျောင်းများတွင် အောင်စာရင်း မကပ်ရသေးကြောင်း၊ ကျောက်တော်မြို့နယ်တွင် အင်တာနက်လိုင်းအဆင်မပြေသဖြင့် မသိရသေးကြောင်း ပြောသည်။

“အခုအဲဒါတွေ ဘာမှ မသိရသေးဘူး။ မြို့နယ်မှူး လာမှသိရမယ်။ အွင်လိုင်းက သိရတယ်ဆိုပေမဲ့ ဒီမှာက ဘာတစ်ခုမှ မသိရဘူး။ အဲဒီက ပြသနာပေါ့။ မြို့နယ်မှူးလာမှ ညနေလာမလား ၊ မနက်ဖြန်လာမလားမသိဘူး။ သူလာမှ တစ်ကျောင်းချင်းကပ်ရမယ်” ဟု  ဦးဘသောင်းက ပြောသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသားမိဖ အများစုမှာ စစ်တွေမြို့ရှိ ဆွေမျိုးများကို ဖုန်းဖြင့်ဆက်သွယ် ခုံနံပတ်ကို ပေးပြီး အောင်စာရင်းကို မေးမြန်းမှု ပြုလုပ်နေရသည်ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့် မြို့နယ်အများစုကို အစိုးရမှ ၁ နှစ်ကျော်ကြာ အင်တာနက် ပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က ပြန်လည်ဖွင့်ပေးလိုက်သော်လည်း 2G သာဖြစ်သဖြင့် မြန်နှုန်းနှေးပြီး ကောင်းမွန်စွာ အသုံးပြု၍ မရရှိသေးကြောင်း ဒေသခံများမှ ပြောဆိုနေကြသည်။


ဆက်စပ် သတင်းများ