သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင်အင်တာနက် 4Gပြန်ဖွင့်ပေးရန် မင်းပြားလူငယ်အစည်းအရုံးကြေညာချက်ထုတ်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 931

အိမ်စိုးဖြူ
နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂ဝ၂ဝ


ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်းမြန်ဆန်နေသည့်အတွက် သတင်းရယူရာတွင် သတင်းအချက်အလက်ရရှိရန် နှေးကွေးနေသဖြင့် အင်တာနက် 2G (E) အဆင့်ကို 4G ပြန်ဖွင့်ပေး မင်းပြားလူငယ်အစည်းအရုံးမှ ယနေ့ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း သိရသည်။

၄င်းတို့မင်းပြားမြို့အပါအဝင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက် E အဆင့်ဖြင့် ကိုဗစ်ကူးစက်မှုအခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ခက်ခဲနေကြောင်း၊ ကိုဗစ်နှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ဒေသခံများကို လူကိုယ်တိုင် သွားရောက်ရှင်းပြပေးနိုင်သည့် အခြေနေမဟုတ်သည့်အချိန်တွင် အင်တာနက်မှ တဆင့် သိရှိနိုင်ရန် အရေးပေါ်လိုအပ်နေသည့်အတွက် ယခုကဲသို့ ထုတ်ပြန်ချက်ထုတ်ခြင်း ဖြစ်ကြောင်း မင်းပြားလူငယ်အစည်းအရုံးမှ မခင်ဖြိုးဝေက နိရဥ္စရာသတင်ဌာနသို့ ပြောသည်။

“ဒီဖက်မှာပိုဆိုးနေတာက နယ်ကလူတွေက နှာခေါင်းစည်းတပ်ရမှန်းမသိတဲ့လူတွေရှိနေတာ တွေ့နေရတယ်။ ကိုဗစ်ရောဂါဆိုတာဘာလဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ညီမတို့လည်း လူကိုယ်တိုင် ကွင်းဆင်းပြီး သွားပြောလို့မရဘူးလေ။ အင်တာနက်က E နဲ့ ဘာမှလုပ်လို့မရဘူး။ တစ်ခုခုကြည့်ဖို့ကို သုံးနာရီလောက်စောင့်ရတယ်။ အဲဒါကြောင့် အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ အင်တာနက်ကို 4G လုပ်ပေးဖို့ လိုပါမယ်။ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးတွေကလည်းအင်တာနက်ရရှိမှုနဲ့ သက်ဆိုင်နေတဲ့အတွက် အမြန်ဆုံးပြန်ဖွင့်ပေးဖို့အတွက်ပါ” ဟု သူမက ပြောသည်။

၄င်းတို့ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ Covid-19 ကပ်ရောဂါဆိုး ကူးစက်ပျံ့နှ့ံမှုမှာ အလွန်စိုးရိမ်ဖွယ်ကောင်းသောအခြေအနေသို့ ရောက်ရှိလျက်ရှိပြီးရောဂါပိုးတွေ့ရှိသည့် လူနာများထဲတွင်လည်း အင်တာနက်လုံးဝ(လုံးဝ)အဆင်မပြေသော မင်းပြားမြို့နယ်မှလည်း ပါဝင်လျက် ရှိနေကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါကပ်ရောဂါဆိုးနှင့် ပတ်သက်သော သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီသိရှိလိုက်နာနိုင်ရေးအတွက် 4G အင်တာနက်အားဖွင့်ပေးရန် ပြည်ထောင်စု အစိုးရအား တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၄င်းအပြင် ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝ မြို့နယ် အပါအဝင် စုစုပေါင်း ၈ မြို့နယ်မှ ကျောင်းသား/သူ များ ပညာဆက်လက် သင်ကြားနိုင်ရန် စီးပွားရေးနှင့်ကုန်စည်ပို့ဆောင်ရေးများ အဆင်ပြေချောမောစေရန်၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ အချိန်နှင့်တပြေးညီလုပ်ဆောင်နိုင်ရန် စသည့်အချက်များအား ထောက်ရှု၍ ပြည်ထောင်စုအစိုးရမှ ပြည်သူ လူထု၏ အခွင့်အရေးများအား လေးစားလိုက်နာပြီး 4G အဆင့်အင်တာနက်ကို  အမြန်ဆုံးဖွင့်ပေးရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

လက်ရှိ အင်တာနက် E အဆင့်သာရသည့် မြို့နယ်များအနေဖြင့် သတင်းအချက်အလက်ရရှိရန်4G အင်တာနက်ရရှိရေးအရေးတကြီးလိုအပ်လာနေကြောင်း ဦးခိုင်ကောင်းစံ (ဒါရိုက်တာ) ဝံလက်ဖောင်ဒေးရှင်း ကလည်း ပြောသည်။

“အဓိကကတော့ အင်တာနက်က လက်ရှိမှာ အရေးကြီးတဲ့နေရာတစ်ခုမှာရှိနေတယ်။ ဘာကြောင့်လဲ ဆိုရင်သတင်းအချက်အလက်ရဖို့အတွက် လူမှုစာမျက်နှာမှာ သတင်းအချက်အလက်ကမြန်တယ်လေ။ အင်တာနက်မရရှိတော့ ဘာမှမသိရဘူး။အခုလိုအချိန်တွေမှာ အင်တာနက် လိုင်း 4G ဖွင့်ပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအတည်ပြုလူနာ ၂၁၆ ဦးရှိကြောင်းကျန်းမာရေးနှင့် အကားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ၄င်းတို့နှင့်ထိတွေ့ဖူးသဖြင့် စောင့်ကြည့်ခံနေရသူ တစ်ထောင်ကျော် ရှိလာကြောင်း တွေ့ရသည်။

၄င်းအပြင်လူထုအတွင်း ရောဂါပိုး သယ်ဆောင်သူများလည်း ရှိနေနိုင်သည့်အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးကို အိမ်ပြင်မထွက်ကြရန် သြဂုတ်လ ၂၆ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အမိန့်ထုတ်ပြန်ထားသည်။

(Photo- 2G အင်တာနက် ဖွင့်ပေးသော်လည်း အဆင်မပြေသဖြင့် မြောက်ဦးတွင် တောင်ပေါ်တက်၍ အင်တာနက် ရရှိရေး ယခုလိုပင်ပန်းခံကြရသည်။/ ဓာတ်ပုံ- မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ