သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကာလ သတင်းအချက်အလက်များရရှိရန် ရည်ရွယ်၍ စစ်ဘေးရှောင်စခန်းများတွင် REC မှ ရေဒီယို ၅ဝဝခန့်ဖြန့်ဝေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၂၂/၂ဝ၂ဝ

ကိုဗစ်ကာလအတွင်း စစ်ဘေးရှောင်စခန်းများတွင် သတင်းအချက်အလက်များရရှိနိုင်ရန် ရည်ရွယ်ပြီး ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုများ အစည်းအရုံး ( REC) မှ Short-way (လိုင်းလတ်) ရေဒီယို အလုံး ၅ဝဝ နီးပါးခန့်ကို စစ်ဘေးရှောင်စခန်းများသို့ ဖြန့်ဝေခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ စစ်ဘေးရှောင်စခန်းတွေကို သတင်းအချက်အလက်တွေ မှန်မှန်ကန်ကန်ရေစေချင်တယ်။ အခုက ရခိုင်မှာက တူးဂျီအင်တာနက်ဆိုတော့ ဘယ်လိုနည်းနဲ့မှ ဒီသတင်းအချက်အလက်တွေကိုအွင်လိုင်းကနေ မရနိုင်ဘူး။ သတင်းအမှားတွေကလည်း နည်းမျိုးစုံနဲ့ ပျံ့နေတော့ စခန်းက လူတွေကြားထဲမှာ စိုးရိမ်စရာတွေ ဖြစ်လာတယ်။ အဓိကတော့ သတင်းမှန်တွေ အချိန်နဲ့ တပြေးညီ ရစေချင်တယ်။ ကိုဗစ်နဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ရရှိစေလိုတဲ့ ရည်ရွယ်နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မူလက စခန်းတစ်ခုကို ရေဒီယို ၁ဝ လုံးဖြင့် ရေဒီယို အလုံးပေါင်း ၁ဝဝဝကို လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း စစ်တွေ စျေးကွက်တွင် လိုအပ်သော အဆင့်မီ ရေဒီယိုများကို လုံလုံလောက်လောက် မရှိသဖြင့် ရန်ကုန်သို့ မှာယူခဲ့ရကြောင်း၊ ရန်ကုန်သို့ မှာယူရာတွင်လည်း လမ်းတွင် အစစ်အဆေးများပြီး ထောက်ခံချက်လိုသဖြင့် ပြည့်ပြည့်စုံစုံ မှာယူရန် ခက်ခဲ၍ ရေဒီယို အလုံးပေါင်း ၄၃ဝ ကိုသာ စုဆောင်းရရှိခဲ့ပြီး စုစုပေါင်း စခန်း (၅၁) ခုကို ဖြန့်ဝေနိုင်သေးသည်ဟု ၎င်းက ပြောဆိုသည်။

“ အခုဆို ကိုဗစ်နဲ့ ရန်ကုန်ကို မှာလို့လည်း မရတော့ဘူး။ ဆိုင်တွေက ပိတ်ထားသလို လမ်းခရီးမှာလည်း ပစ္စည်းပို့ဖို့ အခက်အခဲတွေများသွားပြီ။ အခု ရသလောက်ကို စခန်းတွေကို ဝေထားပါတယ်။ ရေဒီယိုနားထောင်ရတော့ သတင်း အချက်အလက်တွေရသလို ကိုဗစ်နဲ့ ပတ်သက်ပြီးလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်လွင့်တာတွေလည်း နားထောင်လို့ရသွားတာပေါ့။ ဘာဘဲပြောပြော 4G အင်တာနက်လောက် အဆင်မပြေပေမယ့် စိတ်ဝင်စားသူတွေအတွက်တော့ သတင်းအချက်ရသွားတော့ နည်းနည်း အဆင်ပြေသွားတာပေါ့။ နားထောင်တဲ့သူတွေက တစ်ဆင့် ကျန်လူတွေကို သတင်းတွေကို ချယ်လို့ ရသွားတာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် (၇) မြို့နယ်တွင် အင်တာနက်လိုင်းကို 2G အဆင့်သာဖွင့်ပေးထားသဖြင့် ဖုန်းမှ တစ်ဆင့် သတင်းများရှာဖွေရန်၊ ပို့ဆောင်ရန် အခက်အခဲဖြစ်နေကြပြီး ၎င်းအင်တာနက်လိုင်းမှာ Message ပို့ရန်လောက်သာ အဆင်ပြေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား နေရာတိုင်းတွင် မရရှိသဖြင့် ရုပ်သံတီဗီကို နေရာတိုင်းတွင် မကြည့်နိုင်သလို အင်တာနက်လည်း 2G အဆင့်သာ ဖြစ်သဖြင့် ဖုန်းထဲက ကြည့်ရန် မလွယ်ကူ၍ သတင်းအချက်အလက်ရရှိရန်မှာ ရေဒီိယိုက ဆက်လက် အသုံးဝင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ