သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမြန်နှုန်းလို၍ အင်တာနက်တိုင်ထူရာမှ မင်းပြားတွင်ကျန်းမာရေးဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေ၊ တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 801

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၂ဝ/ ၂ဝ၂ဝ

အင်တာနက် 2G အဆင့်သာရသည့် မင်းပြားမြို့တွင် အင်တာလိုင်း အမြန်နှုန်းလိုချင်သဖြင့် ကိုယ်ထူကိုယ်ထ  အင်တာနက် တိုင်ထူရာမှ ဓာတ်လိုက်ပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးသေဆုံးကာ တစ်ဦးမှာ  ဒဏ်ရာအပြင်း အထန်ရရှိသွားသဖြင့် ဆေးရုံကို ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ မြောက်ဦးမြို့၊ တောင်ရပ်ကွက်မှ ဦးလှမောင် (၆၁) နှစ်ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူမှာ မင်းပြား မြို့နယ်၊ သင်္ဂဇာကျေးရွာမှ ကိုစောမောင် (၂၈) နှစ် တို့ဖြစ်သည်။

၄င်းတို့နှစ်ဦးသည် ယနေ့ နံနက် ၁၁ နာရီခန့်က မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်ရှိ ငှက်ဖျားတိုက်ဖျက်ရေး ဌာန (မင်းပြား) ရုံးအတွင်း၌ အင်တာနက် အသုံးပြုရန် အင်တာနက် တိုင်ထူစဉ် ယင်းတိုင်လဲကာ ဓါတ်လိုက်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ငှက်ဖျားတိုက်ဖျားရေးဌာန (မင်းပြား) မှ မရွှေစင်က ပြောသည်။

“ဒီမင်းပြားဘက်မှာက အင်တာနက်မရဘူး။ အဲဒါကြောင့် ကိုယ်ထူကိုယ်ထ သုံးရတယ်။ ဖုန်းထဲက WiFi ချိတ်ပြီး အင်တာနက်အသုံးပြုလို့ရတဲ့ တိုင်မျိုးရှိတယ်။ ဖုန်းကို ကြိုးနဲ့ အဲဒီ တိုင်ထိပ်ပေါ်တင်ချိတ်ပြီး အင်တာနက်ရဖို့ အတွက် လုပ်ကြရတယ်။ အဲဒီတိုင်ကို သူက ထောင်တာ။ ထောင်တဲ့အခါ အဲဒီတိုင်က လဲလာပြီး အပေါ်က ဓါတ်ကြိုးနဲ့ သွားငြိမိပြီးတော့ ဓါတ်လိုက်တာပါ။ အဲဒီဆုံးသွားတဲ့တစ်ယောက်နဲ့ ဒဏ်ရာရသွားတဲ့ တစ်ယောက်၊ အဲဒီနှစ်ယောက်က တိုင်ထောင်တဲ့အခါ ဖြစ်သွားတာပေါ့။ အဲဒီတိုင်ကို ရုံးဝင်းထဲမှာပဲ ထောင်တာပေါ့။ တိုင်က ပေ ၄ဝ လောက်ရှည်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နေ့လယ်ပိုင်းက သေဆုံးသူ၏ အလောင်းအား မြောက်ဦးမြို့ရှိ မိသားစုဝင်များထံသို့ ကားဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း စျေးဟောင်းပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောသည်။
ဒဏ်ရာရသွားသည့် ကိုစောမောင်ကိုလည်း စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။  

“သူတို့က အဲဒီတိုင်ကို အဲဒီရုံးခြံဝင်းထဲမှာ ထောင်တာပေါ့။ အဲဒီခြံဝင်းရဲ့ မြေပြင်နေရာတစ်ခုမှာ ထောင်တာပေါ့။ အဲဒီမှာ တိုင်က အောက်ကို လဲလာပြီး ဓါတ်ကြိုးနဲ့ ငြိပြီး အခုလိုဖြစ်သွားတာ။ ဒီမှာက အင်တာနက်မရတော့ ရုံးတွေဘာတွေမှာ အဲလို တိုင်ထူပြီး သုံးကြတာတွေရှိတယ်။ WiFi လွှင့်သုံးရတာတွေ ရှိတယ်ပေါ့။” ဟု ဦးကျော်မင်းက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်တွင် အင်တာနက်လိုင်း 2G အဆင့်သာ ဖွင့်ပေးသဖြင့် ၎င်းအင်တာနက်မှာ နှေးကွေးလွန်းသဖြင့် အင်တာနက် အသုံးပြုသူများမှာ တောင်ပေါ်တက်၍သော်လည်းကောင်း၊ သစ်ပင်ပေါ် တက်၍လည်းကောင်း အသုံးပြုရသလို မြို့ထဲတွင် WiFi ကို ဖုန်းနှင့်ချိတ်ပြီး အသုံးပြုနိုင်ရန် အင်တာနက် တိုင်များကို စိုက်ထူ၍ အသုံးပြုကြရသည်။

ရခိုင်တွင် အင်တာနက် 4G ဖွင့်ပေးရန် ကမ္ဘာကုလသမဂ္ဂ အပါအဝင် လူမှုအဖွဲ့အစည်းများ၊ လူငယ် တက်ကြွ လူပ်ရှားသူများ၊ ကျောင်းသားအဖွဲ့အစည်းများမှ အကြိမ်ကြိမ်တောင်းဆိုသောလည်း အစိုးရမှ ဆက်လက် ပိတ်ပင်ထားဆဲဖြစ်သည်ဟု သိရသည်။


ဆက်စပ် သတင်းများ