သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တိုက်ပွဲများရပ်နေပြီဖြစ်သော်လည်း ရခိုင်တွင်အင်တာနက် 4G ဖွင့်မပေးမှုအပေါ်ဝေဖန်မှုမြှင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

သျှင်မင်းဇံ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများရပ်နေသည်မှာ တစ်လကျော်အချိန်ရှိလာပြီဖြစ်သော်လည်း မြို့နယ်တချို့တွင် အင်တာနက် 4G အဆင့်သို့ တိုးမြှင့်မပေးခြင်းအပေါ် ဝေဖန်မှုများ မြှင့်တက်နေသည်။

ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့၌ အင်တာနက် 2G  သာရပြီး မြန်နူန်းမြင့် 4G ကို ယနေ့အချိန်ထိ ဖွင့်မပေးသည့်အပေါ် ရခိုင်ပြည်နယ်၏ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယခုလိုသုံးသပ်ပြောဆိုသည်။

“ပြန်လည်နဂိုအတိုင်း ဖြစ်စေချင်ပါတယ်။ လုံခြုံမှုမရှိလို့၊ အင်တာနက်ကြောင့် သတင်းတွေ ပေါက်ကြားတယ်။ ဒီအတွက် တိုက်ပွဲတွေ ပြင်းထန်လာနေလို့ ဆိုပြီးတော့ ဖြတ်တောက် ခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ အင်တာနက် ဖြတ်တောက်ထားပေမယ့်လည်း အမြတ်ထွက်မသွားသလို တားလည်း မတားဆီး နိုင်ခဲ့ပါဘူး။  ဒီလိုပိတ်လိုက်တာက ဒေသခံပြည်သူတွေဘဲနစ်နာတယ်” ဟုဆိုသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများလည်း ရပ်နေပြီး စစ်ဘေးရှောင်တချို့လည်း အိမ်ပြန်နေကြပြီ ဖြစ်ကြောင်း၊ စစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံနေသူများဆက်လက်ရှိနေသဖြင့် ဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ကိုဗစ်နှင့် ပတ်သက်သော သတင်းအချက်အလက်များရရှိရန် လွန်စွာ အရေးကြီးနေကြောင်း ပြောဆိုသည်။

“ အစိုးရအတွက် ပြောချင်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုတွေသိအောင် မပြောနိုင်ဘူး။ ကိုဗစ်လည်း ဖြစ်နေတဲ့ အချိန်မှာ သတင်းအချက်အလက်တွေကို ပြည်သူတွေ အချိန်နဲ့တပြေးညီ သိဖို့ လိုအပ်တယ်။ အင်တာနက် ပြန်ဖွင့်ပေးဖို့ လိုလာပါပြီ။ မလိုလားတဲ့ အကြောင်းပြချက်တွေ ပြပြီးတော့ မပိတ်စေချင်ပါဘူး။ ဒါကြောင့်အင်တာနက်ကို အမြန်ဆုံး 3G/ 4G ဖွင့်ဖို့လို့လာပါပြီ” ဟု လွှတ်တော်ဥက္ကဋ္ဌ နိရဥ္စရာကို ပြောသည်။

အင်တာနက်ဖြတ်တောက်ထားခြင်းမှာ အစိုးရက ဖြတ်တောက်ထားခြင်း ဖြစ်သဖြင့် အင်တာနက် ပြန်ဖွင့်ပေးရန်မှာ ခက်ခဲသောအလုပ်မဟုတ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေသည့် အသံအဖွဲ့ ဒါရိုက်တာ ဦးမောင်ဆောင်းခက ပြောသည်။

 “ဒီအင်တာနက် ဖြတ်တောက်တဲ့ကိစ္စဟာ စစ်တပ်ကလုပ်တဲ့ကိစ္စလည်း မဟုတ်ဘူးနော်။ ဒီလက်ရှိ အရပ်သား အစိုးရကနေပြီးတော့ ဆက်သွယ်ရေး ဥပဒေအရ ဆောင်ရွက်ရတဲ့ကိစ္စဖြစ်တဲ့အခါမှာ ကျနော်အနေနဲ့ ဒီအင်တာနက် ပြန်ပေးရေးဟာ သူတို့အတွက် အရမ်းခက်ခဲတဲ့ကိစ္စရပ်မဟုတ်ဘူးလို့ ကျနော်တို့က မြင်ပါတယ်။”

အင်တာနက်ပိတ်ထားခြင်းဖြင့် ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ပေးရာရောက်သဖြင့် အမြန်ပြန်ဖွင့်ပေးစေလိုသည်ဟု ၎င်းက ဆိုသည်။

“ ကျနော်အနေနဲ့ကတော့ ရခိုင်ပြည်နယ်က ဒီလို အင်တာနက် ဖြတ်တောက်ထားတဲ့ ဒေသတွေမှာ ဒီအင်တာနက်ကို ပြန်ဖွင့်ပေးလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေကနေပြီးတော့ ကာကွယ်ပေးပြီးသားဖြစ်သွားမယ်လို့ ကျနော်တို့မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အင်တာနက် ဖြတ်ထားတဲ့ ဒေသတွေမှာ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံမှုတွေကို အခြားပြင်ပက လူတွေ မသိရအောင် ကျနော်တို့ သတင်းတွေ ရေးသားလို့မရအောင် ကန့်သတ်လိုက်တယ် တားဆီးလိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ ဆိုလိုချင်တာက လူ့အခွင့်ရေးချိုးဖောက်ခံမှုတွေကို ဖုံးဖိ ကာကွယ် ပေးဖို့အတွက် လုပ်ပေး လိုက်သလိုဖြစ်နေပါတယ်။ ဆိုတော့ အင်တာနက်ပြန်ဖွင့်ပေးရေးဟာ ကျနော်တို့ စီးပွားရေး လူမှုရေး အတွက် သက်သက်သာ မဟုတ်ဘူး။ အခြားသော ရပိုင်ခွင့်ချိုးဖောက်ခံရမှုတွေနဲ့ လူ့အခွင့်ရေး ချိုးဖောက် ခံရမှုတွေကိုပါ အကာကွယ်ပေးဖို့အတွက် အရေးပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် အင်တာနက် ပြန်လည် ဖွင့်လှစ်ပေးရေးကိစ္စနှင့် ပတ်သက်ပြီး အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်သို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ယခုလိုပြောဆိုသည်။

“အဲဒီဒေသရဲ့တိုးတက်လာမှုက အဓိကတော့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ရယ် တပ်မတော်ရယ် သေချာဆွေးနွေးမှုတွေကြောင့် အပစ်ခတ်ရပ်စဲရေး သဘောမျိုးဖြစ်နေတာပါခင်ဗျ။ ဒီတွေ့ဆုံ ဆွေးနွေးရေးမှာ ပါဝင်တဲ့ တပ်မတော်အနေနဲ့ ဘယ်လိုတိုးတက်မှုတွေရတယ်။ နောက်ဒီလို တိုးတက်မှုတွေကို ပိုမိုပြီးတော့ အချိန်ပိုမြင့်လာဖို့အတွက် အင်တာနက်4G ဖွင့်ပေးခြင်းအပါအဝင် ရခိုင်ပြည်သူတွေအတွက် ဘယ်လို လုပ်ဆောင်ချက်တွေကို ပိုမိုတိုးမြင့် လုပ်ဆောင်မှာလည်းဆိုပြီးတော့ အုပ်ချုပ်ရေးအပိုင်းက အစိုးရကို ပြန်လည်ပြီးတော့ တင်ပြမယ် ဆိုရင် အစိုးရအနေကလည်း ဒီအပေါ်မှာ အလေးအနက်ထားပြီးတော့ လိုက်ပါ လုပ်ဆောင်လာနိုင်ပါတယ်။”

အင်တာနက်ထက် အခြေခံ လူ့အခွင့်အရေးများရရန် အရေးကြီပြီး မူလပြဿနာဖြစ်သော နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ လက်နက်ကိုင် ပဋိပက္ခနောက်ဆက်မှာ ကျနော်တို့ 4G ထက် ပိုအရေးကြီးတဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကအစ အကုန်လုံး နစ်နာဆုံးရှုံးနေရတာပါခင်ဗျ။ ဒီလို လူ့အခွင့်အရေးတွေ၊ အခြေခံ အခွင့်အရေးတွက် ပြန်လည်ရဖို့ဆိုရင် အဲဒီဒေသမှာ ငြိမ်းချမ်းဖို့ဆိုရင် မူလပြဿနာဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ အားစိုက်ပြီးတော့ ပိုမိုအချိန်မြင့် လုပ်ဆောင်ဖို့ သင့်တယ်။” ဟု ပြောသည်။

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည့်  ရခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုတွင် အင်တာနက် အသုံးပြုခွင့်ကို  ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က  စတင်ပိတ်ထားခဲ့သော်လည်း  မောင်တောမြို့နယ်တွင် ၂ဝ၂ဝ ခုနှစ် မေလ ၃ ရက်နေ့တွင် ပြန်လှည်ဖွင့်ပေးခဲဲ့သည်။ အလားတူ ၂ဝ၂ဝ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် အင်တာနက် ပိတ်ထားသည့် မြို့နယ်များဖြစ်သည့်  ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို အင်တာနက်ကို ပြန်လည် ဖွင့်ပေးခဲ့သော်လည်း 2G အဆင့်သာဖြစ်သဖြင့် အင်တာနက် အသုံးပြုရန် အဆင်မပြေ ဖြစ်နေကြရသည်။

မြောက်ဦးမြို့ပေါ်မှ ဒေါ်ဝိုင်းချေက မြောက်ဦးတွင် အသုံးပြုနေရသည့် အင်တာနက် 2G မှာ နှေးကွေးလွန်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစစအရာရာ ထိခိုက်နစ်နာမှုရှိနေပြီး ကိုဗစ်နှင့်ပတ်သက်ပြီး သတင်း အချက်အလက် မရရှိသည့် အပြင် ကလေးငယ်များအား အွင်လိုင်းမှတစ်ဆင့် ပညာသင်ကြားရေး အပိုင်းတွင်လည်း အကြီးအကျယ် ထိခိုက်မှုရှိနေသည်ဟု ပြောဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ အင်တာနက် 4G အပြည့်အဝ အသုံးပြုခွင့်မရရှိခြင်းကြောင့် ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် အဘက်ဘက်မှ ထိခိုက်နစ်နာမှုများရှိနေကြောင်း ရခိုင်လူမှု အဖွဲ့အစည်းများက ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဆက်စပ် သတင်းများ