သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

“ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်ပါတယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ဦးဇော်ထွန်းဦး (အဖွဲ့ခေါင်းဆောင်)

နိရဥ္စရာ၊ ဇန်နဝါရီ ၂ /၂ဝ၂ဝ (အင်တာဗျူး)
------------------------

အောင်တံခွန် (၇) သင်္ဘောပေါ်မှ ကပရ  ဝန်ထမ်း ၁၆ ဦးကို ရက္ခိုင့်တပ်တော် (AA) ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့က သင်္ဘောပေါ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။ သူတို့ကို ဖမ်းဆီးခေါ်သွားတာနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ဘူးသီတောင်မြို့ကို ပြန်ရောက်ချိန်မှာ အဖွဲ့ခေါင်းဆောင် ဦးဇော်ထွန်းဦးနဲ့ နိရဥ္စရာ သတင်းဌာနက မေးမြန်းတင်ပြလိုက်ပါတယ်။ 


မေး- ဦးဇော်ထွန်းဦးတို့ ကျန်းမာရေး အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ ပထမ သိချင်ပါတယ်။
ဖြေ-ကျန်းမာရေးကတော့ အကုန်ကောင်းတယ်။ အပြန်ကျမှ စက်လှေပေါ် မိုးမိလို့ နည်းနည်းလေးမိလို့ ဖျားတာလေးတွေရှိတယ်။ အခု ဆေးထိုးပေးထားတယ်။ကျွန်တော်တို့ အခု ဘူးသီးတောင်မြို့မှာ ရောက်နေပါတယ်ခင်ဗျ။

မေး-  ဖမ်းဆီးခေါ်ဆောင်စဉ် ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရပါသလဲ။
ဖြေ-ကျွန်တော့်အဖွဲ့တွေကို သူတို့က စစ်ဖို့ ဆေးဖို့ ခေါ်တဲ့အခါ ကျွန်တော်တို့က အဖွဲ့က များတယ်ဗျ။ ၁၈ ယောက်လောက်ရှိတယ်။ ကျွန်တော်တို့က သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီက။ ကျွန်တော်တို့က သယ်ယူပို့ဆောင်ရေးတာဝန်ပဲ။ဒီ နေရပ်စွန့်ခွာ သူတွေပေါ့။ သူတို့တွေကို အိမ်ပြန်ပို့ပေးတဲ့ အလုပ်ပဲ လုပ်ပေးတာပါခင်ဗျ။ ကျွန်တော်တို့ပြောချင်တာကတော့ လက်နက်ကိုင် အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။ သူတို့ရဲ့ ရန်သူလည်း မဟုတ်ပါဘူး။ကျွန်တော်တို့မှာ ရန်သူလည်းမရှိဘူး။ ကျွန်တော်တို့က ဘယ်သူမဆို ဒုက္ခရောက်နေရင် ကျွန်တော်တို့က လုပ်ပေးမှာပဲ။ ကျွန်တော်တို့ ဒီယုံကြည်ချက်နဲ့ပဲ ကျွန်တော်ပါ လိုက်သွားတယ်ဗျ။ ရင်ဆိုင်ဖို့။ ကျွန်တော့်တပည့်တွေကို ကြိုးနဲ့တုတ်ပြီး ခေါ်သွားတဲ့ အချိန်မှာ။ ကျွန်တော့်ကိုလည်း စစ်စရာ ရှိတယ်ပေါ့နော်။ သူတို့ကလည်း ကျွန်တော်ကို ပြောတယ်။ ခင်ဗျား ကျွန်တော်တို့ စစစ်ကတည်းက ရဲရဲကြီး ပြန်ပြောတယ်ပေါ့နော်။ ကျွန်တော်ကလည်း အစကပဲ ဒီလို ပြောတတ်တယ်လို့။ ကျွန်တော်လည်းမဟုတ်တာ မလုပ်ဘူးလို့။ နောက်ပြီးတော့ သူတို့ရဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တယ်လို့။ နောက် အနိုင်ကျင့်တာ လုပ်ခဲ့ရင်လည်း ဆိုရင်းလည်း ကျွန်တော် ခံပါ့မယ်။ ကျွန်တော်လည်း အဲလို  ရဲရဲပြောတယ်။ သူတို့လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ တော်တော် သဘောထားပြည့်ဝတယ်။

မေး- ဆရာတို့ လူတွေကို နှိပ်စက်တာတို့ ရိုက်တာတို့ ရှိပါသလား။
ဖြေ-မရှိဘူးဗျ။ လုံးဝမရှိဘူး။ ဒါပေမယ့် သွားတာလာတာ နှေးလို့ပေါ့နော်။ ဒါလည်း သူတို့မှာ အသက်စွန့်ပြီး လုပ်ရတဲ့ အလုပ်ဆိုတော့လေ။ ကျွန်တော်တို့ကလည်း သာမန်ဝန်ထမ်းတွေပေါ့။ ကျွန်တော်တို့က ဘောပင်ကိုင်တဲ့ ဝန်ထမ်းတွေဆိုတော့ လစ်ဟာသွားတာတော့ မတတ်နိုင်ဘူးလေ။ ချုပ်နှောင်ပြီး ခေါ်သွားတဲ့ အချိန်မှာတော့ သူတို့က မြန်မြန်သွား မြန်မြန်သွားဆိုပြီး နောက်ကျောလေး ဘာလေး တစ်ချက် နှစ်ချက်ရိုက်တာ ရှိတယ် ပေါ့နော်။ ကျွန်တော့်ကိုတောင် ရိုက်လိုက်သေးတယ်။

မေး- ဆရာတို့ကို စစ်တဲ့အခါ အဓိက ဘာတွေကို မေးပါသလဲ။
ဖြေ-စစ်တာကတော့ သူတို့တွေကို တိုက်ခိုက်ဖို့ ၊ ဖောက်ခွဲဖို့ လာတာလားပေါ့။ တပ်မတော်ဘက်ကလားလို့ စစ်ဆေးတာပေါ့။ တပ်မတော်ဘက်က မဟုတ်ဘူးဆိုတာ သိသွားတော့ သူတို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ထမင်းတွေ ဘာတွေလည်း ကောင်းကောင်းမွန်မွန်ပဲ ကျွေးပါတယ်။

မေး- ဆရာတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်လို့ ပြောလိုတာလား။
ဖြေ-  ထမင်းလည်း ကျွေးပါတယ်။ ရေလည်းတိုက်တယ်။ အချိုရည်လည်းတိုက်တယ်။ ကျွန်တော်ကလည်း ပြောတယ်လေ။ ကျွန်တော်ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်။ တစ်ချို့ ကျွန်တော်နဲ့ ပါသွားတဲ့ လူတွေက ကျန်းမာရေးမကောင်းတာ ဟုတ်တာပေါ့။ အသက်ကြီးပြီ။ တစ်ချို့ ပေါ့ပေါ့ပါးပါးလူတွေလည်း ပါတယ်ပေါ့။ ကျွန်တော်တို့ ကားသမားတွေပေါ့။ သူတို့လည်း အရမ်းကြောက်နေကြပြီလေ။ ဒီမီဒီယာတွေပေါ်မှာ ခေါ်တာတွေ၊ ရိုက်တာတွေ ကြည့်ပြီးတော့ တအားကိုကြောက်နေတာ။အဲတော့ ကျွန်တော်ကတော့ သူတို့ရဲ့ အဖွဲ့အစည်းခေါင်းဆောင်နဲ့ တွေ့ချင်ပါတယ်လို့ ပြောတယ်။ ပြီးတော့ ကျွန်တော်တို့ကို မျက်နှာတွေ စည်းထားတယ်။ လက်တွေလည်း နောက်ပြန်ကြိုးတွေ တုတ်ထားတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို အင်္ကျ ီတွေလည်း ချွတ်ခိုင်းတယ်။ ချွတ်ခိုင်းတော့ ကျွန်တော်က အကုန်လုံးရဲ့ ခေါင်းဆောင်ပါ။ ကျွန်တော် အကုန်လုံး ဖြေပါ့မယ်။ ကျွန်တော့် စာရွက်တွေလည်း သူတို့က သိမ်းထားတယ်။ ကျွန်တော့်မှာ မြေပုံတွေ ဘာတွေပါလာတော့ သူတို့က ပိုပြီးသံသယရှိတာပေါ့လေ။ မြေပုံတွေ၊ Google map တွေပေါ့။ ကျွန်တော်တို့ကလည်း အဲဒေသမှာ အရေးအကြောင်းကြုံလာရင် ဒါတွေက လိုအပ်တယ်ပေါ့နော်။ဒါပေမယ့် သူတို့ အမှုကို ည ၅ နာရီခွဲလောက်ကနေ စစစ်တာ ညဉ့် ၁၁ နာရီခွဲလောက် သူတို့လည်း သဘောပေါက် လက်ခံလာပါတယ်။ ရန်သူလို မဆက်ဆံတော့ဘူးပေါ့နော်။ သူတို့လည်း လက်ခံလာတယ်။ သူတို့ အဆင့်ဆင့် ဆွေးနွေးတင်ပြရင်းနဲ့ ည ၁၁  နာရီလောက်ကျတော့ အေအေကလူတွေ ဝိုင်းဖွဲ့ စကားလာပြောပြီးတော့ ကျွန်တော်တို့ကို  ပြန်ပို့ပေးတယ်။ ကျွန်တော်တို့ သွားမယ့်ခရီးကို ခရီးဆုံးထိ ပို့ပေးတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်ကို ရင်းရင်းနှီးနှီး နှုတ်ဆက် ဆက်ဆံလိုက်တဲ့ အတွက် ဒီအကျိုးခံစားလိုက်ရတာပေါ့လေ။ တစ်ယောက်ကို တစ်ယောက်လိမ်ညာကြမယ် ဆိုရင် သူတို့လည်း ကြိုက်မှာ မဟုတ်ဘူး။

မေး- ဆရာက အဲဒီအဖွဲ့မှာ ဘာတာဝန်ရှိပါသလဲ။
ဖြေ-ကျွန်တော်က အဲအဖွဲ့မှာ ကြီးကြပ်တဲ့ သူပါခင်ဗျ။

မေး- ဆရာတို့က ဘယ်ကလာတာပါလဲဆရာ။ UEHRD က လာတာလား။
ဖြေ-ကျွန်တော်တို့အဖွဲ့က နေပြည်တော်ကနေ လာတာဗျ။နေပြည်တော်ကနေ ရန်ကုန်။ရန်ကုန်မှာ ဒီ ကားသမားတွေ စုစည်းပြီးတော့မှ ကျွန်တော်တို့က ဒေသအစုံကပါ။ကျွန်တော်တို့က ပခုက္ကူက နှစ်ယောက်၊ တောင်ကြီးက နှစ်ယောက်၊ မကွေးနှစ်ယောက် မိတ္ထီလာက နှစ်ယောက် ၊အဲလို လာကြတာပေါ့နော်။ ကျွန်တော်တို့ ဌာနခွဲက တစ်နိုင်ငံလုံးမှာ ဆယ်ခုရှိတယ်။ ခရီးလှည့်ဌာနက ငါးခုရှိတယ်။အဲဒီဌာနတွေ အားလုံးက စုစည်းပြီးတော့ ကျွန်တော်တို့က အလုပ်လုပ်ဖို့ လာတာ။ ဒါကတော့ နိုင်ငံတော်ရဲ့ အလုပ်ပေါ့နော်။

(ကျေးဇူးတင်ပါတယ် ခင်ဗျား)

--------------------------------

Unicode:



------------------------











ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး