အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ရခိုင်အမျိုးသမီးအစည်းအရုံးဥက္ကဋ္ဌ ၆၆ (ဃ)ဖြင့် ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

သန်းသန်း
စစ်တွေ၊ ဇူလိုင် ၂၃ /၂ဝ၁၉

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) မြေပုံမြို့နယ် ဥက္ကဋ္ဌ ဒေါ်နုအေးရီကို ဇူလိုင်လ ၂၂ ရက်နေ့တွင် မြေပုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောငး် သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ မြေပုံမြို့၊ သဲတန်းပိုင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၅ဝ ကျော်အရွယ်  ဒေါ်နုအေးရီဖြစ်ပြီး ၄င်းကို စောစံငြိမ်းသူဦးဆောင်သည့် ရခိုင်အမျိုးသမီးအစည်းအရုံး (RWU)ဘက်မှ တွဲဘက်အတွင်းရေးမှူး(၁) ဒေါ်စောခခက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင်  ဇွန်လ ၁၆ ရက်နေ့က အမှူဖွင့်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဒေါ်စောခခက “ကျွန်မကို လူမှုကွန်ရက် facebook ပေါ်မှာစော်ကားတဲ့အတွက်ကြောင့်ပါ။ ကျန်တဲ့လူမှုရေး personal attack ကျွန်မမှာ လုံးဝမရှိဘူး။ ဒီလူမှုရေးစော်ကားမှုသည် လူအချင်းချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်တာ။ ဒါကြောင့် ကျွန်မက ဒီလိုလုပ်တာ။ ဒီဥပဒေပုဒ်မ ရှိတယ်လို့ သိစေချင်တဲ့အတွက်ပါ” ဟု နိရဥ္စရာကိုပြောသည်။

ဖမ်းဆီးခံရသူ ဒေါ်နုအေးရီကို ဇူလိုင်လ ၂၃ ရက်နေ့တွင် မြေပုံမြို့မှတဆင့် စစ်တွေအမှတ်(၁)ရဲစခန်းသို့ ပို့ဆောင်လိုက်ပြီဟုလည်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒေါ်စောခခ ပါဝင်ဆောင်ရွက်နေသည့် စောစံငြိမ်းသူဦးဆောင်သည့် ရခိုင်အမျိုး သမီးများ အစည်းအရုံးဘက်ကို ဆက်သွယ်မေးမြန်းရာ ၄င်းတို့ဘက်မှ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒေါ်ခင်ချိုဌေးက “ဒေါ်စောခခက ကျွန်မတို့ဘက်က အဖွဲ့ဝင်တယောက်ဖြစ်ပေမယ့်လည်း အဖွဲ့အနေနဲ့ လုပ်ဆောင်ပေးသွားဖို့မရှိပါ။ ခုဖြစ်တာက သူတို့မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြောဆိုပြီး တရားစွဲဆိုထားတဲ့ ကိစ္စဖြစ်တာကြောင့်ပါ ” ဟု ဖြေကြားပြောဆိုသည်။

ဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ရခိုင်အမျိုးသမီးများအစည်းအရုံးဘက်မှ တွဲဖက်အတွင်းရေးမှူး (၁) ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောနီနီအေးကို ဆက်သွယ်မေးမြန်းခဲ့ရာ သူမက “ ကျွန်မတို့ဘက်က ဥက္ကဋ္ဌ၊ သဘာပတိအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ မြို့နယ်ပေါင်းစုံက တာဝန်ကို်ယ်စီပေးအပ်ထားတဲ့သူတွေကို မြို့နယ်စုံ ဗဟိုကော်မတီ အစည်းအရုံးခေါ်ပြီးမှ ဆွေးနွေးပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်"ဟု ပြန်လည်ပြောကြားသည်။

ဖမ်းဆီးခံရသူ ဒေါ်နုအေးရီသည် မြေပုံမြို့နယ် ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ 

ပါတီဝင်တစ်ဦးဖြစ်သည့်အတွက် ဥပဒေအတိုင်း အကာအကွယ်ပေးသွားမည်ဟုလည်း ရခိုင်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင်လည်းဖြစ်၊ မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးအောင်ဝင်းက ပြောသည်။
ဦးအောင်ဝင်းက “သူအဖမ်းခံရတာက ပါတီကိစ္စနဲ့တော့ မပတ်သတ်ဘူး။ သူက ရခိုင်အမျိုးသမီး အစည်းအရုံးမှာလည်း အဖွဲ့ဝင် တစ်ဦးဖြစ်တယ်။ရခိုင်အမျိုးသမီးအစည်းအရုံးမှာ သဘောထားမကိုက်ညီဘဲ နှစ်ခြမ်းသွားတဲ့အခါ သူတို့ အချင်းချင်း ဖုန်းလိုင်းမှာ စကားများကြတယ်လို့ ကြားတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပါတီဝင် တစ်ယောက် အနေနဲ့ ဥပဒေတွင်းကနေ တတ်နိုင်သလောက် အကာအကွယ်ပေးသွားဖို့ အဆင်သင့်ပါ။” ဟု နိရဥ္စရာ သတင်းဌာန သို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေအမှတ် (၁) ရဲစခန်းမှ စခန်းမှူးကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဆက်စပ် သတင်းများ