ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

AA စစ်သမီးဘဝဇာတ်ကြောင်း ဓာတ်ပုံဇာတ်လမ်းတိုဖြင့် RFA သတင်းထောက် ဓာတ်ပုံအထူးဆုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီလ ၂၆/၂ဝ၂ဝ

ရက္ခိုင့်တပ်တော်(AA)မှ စစ်သမီးတစ်ဦး၏ဘဝဇာတ်ကြောင်းကိုရိုက်ကူးထားသည့်ဓာတ်ပုံ ဇာတ်လမ်းတိုဖြင့် ကချင်ပြည်နယ် အခြေစိုက် RFA သတင်းထောက် မ အယ်လီဇဘက်ဂျန်မာက ဓာတ်ပုံအထူးဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

RFA သတင်းထောက် မ အယ်လီဇဘက်ဂျန်မာသည် ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပနေသည့် (၁၂)ကြိမ်မြောက် ရန်ကုန် ဓာတ်ပုံပွဲတော်၌ For My People အမည်ရှိ Photo Essay ဖြင့် အထူးဆုရရှိသွားခြင်းဖြစ်သည်။

"အဓိက ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးတွေရဲ့အစွမ်းသတ္တိကို ဖော်ထုတ်ဖို့အတွက် လိုသေးတယ်ပေါေ့နာ်။ ဒါမျိုးတွေလည်း ကိုယ်တွေ့တဲ့အခါကျတော့ ကျမက ဒီ story ကို ရိုက်မယ်။ ရိုက်ပြီးတော့ ဒီမှာ အမျိုးသမီးတွေလည်း ဒီလိုမျိုးပေါ့နော်။ လုပ်နေပါတယ် ဆိုတဲ့ဟာကို ပြချင်တယ်ပေါ့နော်။ အဲလိုမျိုး ကိုယ့်ရဲ့ရည်ရွယ်ချက်၊ ဘာလို့ဆို ကိုယ်ကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အချိန်ကျတော့ အဲလိုမျိုးစိတ်နဲ့ အဲဒီဟာကို သွားရိုက်ဖြစ်တာပါ"ဟု မ အယ်လီဇဘက်ဂျန်မာက နိရဥ္စရာသတင်းဌာနကိုပြောသည်။

မ အယ်လီဇဘက်ဂျန်မာရိုက်ကူးထားသည့် Photo Essay သည် ရက္ခိုင့်တပ်တော်(AA)ရှိ အမျိုးသမီး စစ်စခန်းတစ်နေရာတွင် အမျိုးသမီးစစ်မယ်များကို အုပ်ချုပ်နေရသည့် စစ်သမီး (စစ်မယ်)တစ်ဦးအကြောင်းကို အဓိကထား ရိုက်ကူးထားခြင်းဖြစ်သည်ဟု မ အယ်လီဇဘက်ဂျန်မာ က ပြောသည်။

"သူ ဘာလုပ်ရလဲ။ သူ ဒီကို ဘယ်လိုရောက်လာလဲ။ ဘာကြောင့်မို့လို့ ဒီထဲမှာလာပြီးတော့ အခုလိုမျိုး တာဝန်လာပြီးတော့ ထမ်းဆောင်ရလဲဆိုတဲ့ဟာတွေပေါ့။ သူ့အကြောင်း ရိုက်ထားတာ။ သူ ဒီနေရာမှာ ဒီ မိန်းကလေးတွေကိုပေါ့နော်။ စစ်မယ်တွေကို သူဘယ်လို အုပ်ချုပ် ရတယ် ဆိုတဲ့ဟာပေါ့။ အဲဒီဟာပေါ့။ သူ့ရဲ့ Profile ပေါ့"ဟု သူမက ဆိုသည်။

အဆိုပါဓာတ်ပုံပြပွဲတွင် ပရော်ဖက်ရှင်နယ်နှင့် တက်သစ်စဓာတ်ပုံဆရာများကဏ္ဍဟူ၍ ဆုနှစ်မျိုးခွဲ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မ အယ်လီဇဘက်ဂျန်မာသည် ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာများကဏ္ဍတွင် အထူးဆုရရှိသွားခြင်းဖြစ်သည်။

"ကျမက ဒီ story ကို စပြီးတော့ လုပ်ကတည်းက ကျမ ပြချင်တာက ရခိုင် စစ်တပ်ထဲမှာပဲ မဟုတ်ဘူးပေါ့နော်။ တခြားသော လက်နက်ကိုင်စစ်တပ်တွေမှာရော၊ အစိုးရ စစ်တပ်တွေထဲ မှာရော အမျိုးသမီးတွေပေါ့နော်။ သတ္တိရှိတဲ့ အမျိုးသမီးတွေ ယောက်ျားတွေနဲ့ တန်းတူ လုပ်နိုင်တယ်ဆိုတဲ့ဟာတွေ၊ သူတို့ရဲ့ ရဲစွမ်းသတ္တိပေါ့နော်။ အဲဒါကို ကျမက ပြချင်တာပေါ့နော်။ ဆိုတော့ ဒီဟာကို ကိုယ်က ဒါက ကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ့နော်။ ဒီလုပ်တဲ့ရည်ရွယ်ချက်ကို ဒီပွဲမှာ ကိုယ်က ပြသခွင့်ရလိုက်တဲ့အတွက် ဒါ ပထမဆုံး၊ ကျမအတွက် ဒါ ဝမ်းအသာဆုံးနဲ့ ဒါ ကျေနပ်အားအရဆုံးအချက်ပေါ့။ ပြီးမှပဲ ဆုရတယ်ဆိုတာက ဒုတိယမှာပေါ့နော်။ ကျမက ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အဓိက ဒီဟာလေးကို ကိုယ်ပြချင်တယ်။ အဲဒါကို ပြသခွင့်ရတော့ ပိုဝမ်းသာတယ်"ဟု မ အယ်လီဇဘက်ဂျန်မာက ပြောသည်။

အဆိုပါဆုသည် ပြင်သစ်ဓာတ်ပုံဆရာတစ်ဦးကိုအစွဲပြု၍ ချီးမြှင့်သည့်ဆုဖြစ်ပြီး ဆုပေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ရန်ကုန်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနတွင်ကျင်းပခဲ့သည်ဟု သိရသည်။

မအယ်လီဇဘက်ဂျန်မာ ဓာတ်ပုံအထူးဆုရရှိခြင်းနှင့်ပတ်သက်ပြီး ရခိုင်အခြေစိုက် အမျိုးသမီးသတင်းထောက် နုနုနွေ (ဓညဝတီ)က " အမျိုးသမီးတစ်ယောက်အနေနဲ့ အဲလို ဓာတ်ပုံဆုရတာကိုလည်း၊ သူ ကိုယ်တိုင်သွားပြီးတော့ ရဲရဲဝံ့ဝံ့သွားပြီးတော့ ရိုက်တာတွေကိုလည်း အားကျတယ်ပေါ့။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း သူ့ကို ကြည့်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားချင်စိတ်ဖြစ်သွားတယ်။ သြော်. . . အဲလိုကြိုးစားရင်လည်း ရတာပဲဆိုပြီးတော့ပေါ့လေ။ ပြီးတော့ အားလုံးကိုလည်း ဒီလို အမျိုးသမီးဖြစ်ပေမယ့် အဲလို စိတ်အားငယ်မှုတွေနဲ့ ငါအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ ငါ ဒါကို မလုပ်နိုင်ဘူးဆိုပြီးတော့ အဲလိုမျိုးစိတ်တွေမရှိဘဲ ကြိုးစားရင် အားလုံးဖြစ်တယ်ဆိုတာကို သူ့ကိုကြည့်ပြီး ကြိုးစားရင်ဖြစ်တယ်ဆိုတဲ့စိတ်က အားလုံးဆီ ရောက်စေချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း သူ့ကို အားကျတယ်။ ဒီလို မကြောက်မရွံ့ဘဲ သွားရိုက်တာတွေ ကိုယ်တိုင်ကလည်း ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်သွားတယ်ပေါ့။ အားလုံးအမျိုးသမီးတွေကိုလည်း အမျိုးသမီးဆိုပြီးတော့  စိတ်အားမငယ်ဘဲ လုပ်ရင်ဖြစ်တယ် ဆိုတာကို သူက ပြသွားတယ်ပေါ့။ ဒါကြောင့် အားလုံးကို ကြိုးစားကြပါလို့ ပြောချင်ပါတယ်။"ဟု နိရဥ္စရာကို ပြောသည်။

ယခုကျင်းပနေသည့် (၁၂)ကြိမ်မြောက် ရန်ကုန် ဓာတ်ပုံပွဲတော်၌ တက်သစ်စ ဓာတ်ပုံဆရာများ ကဏ္ဍတွင် အဖေပြန်လာရင် ခေါင်းစဉ်ဖြင့် ကျော်စွာထွန်းက ပထမဆု၊ မီဇူမီနှင့် သူငယ်ချင်းများ ခေါင်းစဉ်ဖြင့် မီဇူမီနှင့် Zaw Ma Ta တို့က ဒုတိယဆုတို့ကိုဆွတ်ခူးရရှိသွားသည်။

အလားတူ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများကဏ္ဍတွင် အလှဘုရင်မ ခေါင်းစဉ်ဖြင့် ခွန်လီက ပထမဆု၊ ဝါဆိုမိုး (ခေါ်) ဦးနှောက် ခေါင်းစဉ်ဖြင့် ရဲနိုင် နှင့် ရန်မိုးနိုင် တို့က ဒုတိယဆုတို့ကို ဆွတ်ခူးရရှိသွားကြောင်း ရန်ကုန်ဓာတ်ပုံပြပွဲ၏ facebook စာမျက်နှာဖြစ်သော Yangon Photo Festival ပေ့ရှ်တွင် ထုတ်ပြန်ထားသည်။

Photos - Yangon Photo Festival

--------------------------------------

Unicode:















Photos - Yangon Photo Festival

ဆက်စပ် သတင်းများ