အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် စက်ဘီးစီးကမ်ပိန်း စစ်တွေတွင် ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/၂၀၂၁
ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် စက်ဘီးစီး ကမ်ပိန်း လှုပ်ရှားမှု တစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Women Generation အဖွဲ့က ဦးဆောင်ပြီး ယနေ့နံနက်က ပြုလုပ်ခဲ့သည်ဟု သိရသည်။
ယင်းလှုပ်ရှားမှုတွင်  အမျိုးသမီးငယ်များနှင့်အမျိုးသား ၄ဝ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး  နိုဝင်ဘာ ၂၅ ရက် နံနက် ၆ နာရီမှစတင်ကာ စစ်တွေမိဇံရပ်ကွက်ရှိ ကိုးရီးယားဆိပ်ကမ်းမှ ပွိုင့်ကမ်းခြေအထိ စက်ဘီးစီးကာ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
လှုပ်ရှားမှု ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး Women Generation မှ ဒါရိုက်တာ မခင်မြင့်ဇော်က "ကျမတို့ရခိုင်မှာကလည်း တစ်နှစ်ထက်တစ်နှစ် စစ်ဘေးရှောင်တွေများလာတဲ့အခါမှာ အဲ့ဒီမှာလည်း အမျိုးသမီးတွေကိုအကြမ်းဖက်မှုတွေတော်တော်များများ တွေ့လာရတယ်။ ရခိုင်ပြည်မှာက ပဋိပက္ခအပြင် အမျိုးသမီးတွေကို အကြမ်းဖက်မှုကလည်း များပြားလာတာတွေ့ရတယ်။ အဲ့ဒီအပေါ် လုံးဝမပျောက်ကွယ်ရင်တောင်မှ လျှော့ချနိုင်ဖို့ရည်ရွယ်ချက်နဲ့ ပြည်သူတွေအသိပညာတစ်ခုရသွားအောင် လှုပ်ရှားဖြစ်တာပါ"ဟု နိရဥ္စရာကို ပြောသည်။
ယခုကဲ့သို့ စက်ဘီးစီးလှုပ်ရှားမှုကို လာမည့် ဒီဇင်ဘာ ၁ဝ ရက်တွင်လည်း စစ်တွေတွင် ထပ်မံပြုလုပ်သွားဦးမည်ဟု ဆိုသည်။
ရခိုင်တွင် အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အသိပညာပေးမှုအပိုင်း အားနည်းနေသေးသလို အကြမ်းဖက်မှုဖြစ်စဉ်အများအပြား ဖြစ်ပွားနေသေးသည်ဟုလည်း သူမက ဆက်ပြောသည်။
"အိမ်တွင်းအကြမ်းဖက်မှုတွေဆိုလည်း အကြမ်းဖက်မှုလို့မမြင်ကြသေးဘူးပေါ့လေ။ အကြမ်းဖက်မှုတွေလည်း တော်တော်များများ ဖြစ်နေကြသေးတယ်။ အများကြီးလည်း လုပ်ဖို့လိုအပ်တယ်လို့မြင်ပါတယ်"ဟု ပြောသည်။
Women Generation အဖွဲ့အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမေးအဖြေကဏ္ဍများကို ယနေ့မှ ဒီဇင်ဘာ ၁ဝ ရက်အတွင်း online မှပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးများနှင့်လည်း သွားရောက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
၁၉၆ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဒိုမီနီကမ်နိုင်ငံ၌ အာဏာရှင်စနစ်ဆန့်ကျင်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့အတွက် တက်ကြွဆောင်ရွက်ခဲ့သည့်အမျိုးသမီးညီအစ်မ ၂ ဦး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသောနေ့ကို အစွဲပြု၍ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်က ကမ္ဘာကုလသမဂမှ  သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Photo - Women Generation

ဆက်စပ် သတင်းများ