အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

သက်အမျိုးသားနေ့ကို မောင်တောမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

သဥ္ဇာနွယ်
နိရဥ္စရာ ၊ မေ ၁ /၂၀၂၂
ဘာသာစာပေတည်တံ့ရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရေး ရည်ရွယ်ချက်ဖြင့် သက်လူမျိုးတို့၏ အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပထမဆုံးအကြိမ် ယနေ့ကျင်းပခဲ့သည်ဟု သိရသည်။
အခမ်းအနားကို မောင်တောမြို့၊ မကျည်းကုန်းကျေးရွာတွင် ယနေ့ နံနက်က စတင်ကျင်းပ ပြုလုပ်ခဲ့ရာ ရခိုင်၊ သက်၊ ဗမာတိုင်းရင်းသားများ အပါအဝင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သက်လူငယ်တစ်ဦးဖြစ်သူ ကိုကျော်အေးသန်းကပြောသည်။
" လူမျိုးပေါင်းစုံတက်ရောက်ကြပါတယ်။ ဒီပွဲကို သက်လူမျိုးတွေရော တခြားလူမျိုးတွေပါ လာရောက်ကြတဲ့အတွက်ဝမ်းသာတယ်"ဟုပြောသည်။
အခမ်းအနားတွင် လုထုဟောပြောပွဲများ၊ ရိုးရာအကပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး သက်လူမျိုး၏ရိုးရာအသုံးအဆောင်ပစ္စည်းများကိုလည်း ရောင်းချခဲ့ကြောင်းသိရသည်။
"ဒီပွဲကိုကျနော့်တစ်သက်မှာတစ်ခါမတွေ့ဖူးသေးပါ။ အခုလိုပွဲဖြစ်မြောက်ရေး အတွက် အဖက်ဖက်ကဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်အပါအဝင် မြို၊ ခမီ၊သက်၊ မရမာ၊ သက္ကမ(ခ) ဒိုင်းနက်နှင့် ကမန် စသည့် မျိုးနွယ်စုများရှိရာ သက်လူမျိုးသည် လူဦးရေ အနည်းဆုံးဖြင့် ကျန်ရှိနေသည့် ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃၀၀၀ သာကျန်ရှိတော့သည်ဟု သိရသည်။
သက်လူမျိုးများသည် တောင်ယာနှင့် လယ်လုပ်ငန်းများကို အများဆုံး လုပ်ကိုင်ကြပြီး မောင်တော၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊စစ်တွေနှင့် အမ်းမြို့နယ် စသည့် မြို့နယ်များတွင်လည်း အနည်းငယ်စီအသီးသီး ပျံ့နှံ့ နေထိုင်လျက်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး အခြေချ နေထိုင်လာသည့် ပျူ၊ ကမ်းယံ၊ သက် အထဲတွင် ပါဝင်သည့် သက်လူမျိုးများသည် မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေ ၆၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း နေထိုင်ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ