ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားနေ့အခမ်းအနား ရခိုင်မြို့အချို့တွင် စည်ကားစွာကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ မေ ၁၅/၂၀၂၂
ယနေ့ မေလ ၁၅ ရက်နေ့၊ ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင်ကျရောက်သည့် (၉) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ရခိုင်မှ မြို့နယ်အချို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
သံတွဲ၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ရခိုင်အမျိုးသားနေ့အခမ်းအနားကို စာပေဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးလုပ်ဆောင်သူများက ပြောသည်။
ယနေ့ မေလ ၁၅ ရက်နေ့တွင် ကျရောက်သော ရခိုင်အမျိုးသားနေ့ကို တခြားသော ရခိုင်မျိုးနွယ်စုဝင်များနည်းတူ ကျင်းပရခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့ ရခိုင်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ဦးထွန်းအေးက နိရဉ္စရာကို ပြောသည်။
"ရခိုင်မျိုးနွယ်စု ၇ ခုမွာ ၅ ခုက အမျိုးသားနေ့လုပ်ကြတယ်လေ။ သက်၊ ဒိုင်းနက် စသည်အားဖြင့်လုပ်ကျတဲ့အခါ ရခိုင်မှာ ရခိုင်မျိုးနွယ်စုက ဦးဆောင်ဦးရွက်သွားနေချိန်မှာ ကျောက်ဖြူညီလာခံကချမှတ်ပေးထားတဲ့ ရခိုင်အမျိုးသားနေ့တစ်ရပ်ကို ဖြစ်အောင် ကျင်းပရတာပါ"ဟု ပြောသည်။
မောင်တောမြို့တွင်ကျင်းပသည့် ရခိုင်အမျိုးသားနေ့အခမ်းအနားကို ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် သက်နှင့်မြိုမျိုးနွယ်စုများတက်ရောက်ခဲ့သော်လည်း ရာသီဥတုအခြေနေအရ ကျန်မျိုးနွယ်စုဝင်များမတက်ရောက်နိုင်ခဲ့ကြောင်း အမျိုးသားနေ့ဖြစ်မြောက်ရေး စီမံကော်မတီအတွင်းရေးမှူး ဦးကျော်ဝင်းက နိရဉ္စရာ ကိုပြောသည်။
"၉ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို စည်စည်ကားကားနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ။ နောက်နောင်လည်း လူငယ်၊ လူရွယ်တွေနဲ့ ကျွန်တော်တို့ လူကြီးပိုင်းတွေနဲ့ ကူညီဝိုင်းဝန်းပံ့ပိုးပြီး ၁၀ နှစ်မြောက်ကိုလည်းကျင်းပသွားဖို့ရှိပါတယ်"ဟု ပြောသည်။
သံတွဲမြို့တွင်လည်း ရခိုင်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် သီရီမင်္ဂလာလေးမျက်နှာ ဓမ္မာရုံမှာ ကျင်းပသွားမည်ဟု သံတွဲမြို့ ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောသည်။
"အမျိုးသားနေ့အကြို စာပေဟောပြောပွဲ၊ စတိတ်ရှိုးပွဲနဲ့ ဒေသထွက်အစားအစာ၊ အဝတ်အထည်ပြပွဲတွေကို မနေ့က မေလ ၁၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး ဒီနေ့ နေ့လယ်နှစ်နာရီမှာ အမျိုးသားနေ့အခမ်းအနားကို ကျင်းပပါမယ်။ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်က ရခိုင်မျိုးနွယ်စုတွေနဲ့ ရင်းနှီးတဲ့လူတချို့ပါမယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်မူ ယခုနှစ်တွင် ရခိုင်အမျိုးသားနေ့အခမ်းအနားကို အခြေအနေအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် ကျောက်ဖြူတွင်ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက မဟာမုနိရုပ်ပွားတော်သွန်းလုပ်ပြီးစီးသည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့ကြသည်။ (NN-7)
Photo - Aung Kyaw Soe နှင့် ဦးခင်မောင်သန်း

ဆက်စပ် သတင်းများ