သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပြည်ကျောင်းသားသမဂ္ဂနှစ်ပတ်လည်ညီလာခံ သံတွဲတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၁၃/ ၂ဝ၁၉

ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂ နှစ်ပတ်လည်ညီလာခံကို ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။      

ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂ နှစ်ပတ်လည် ညီလာခံကို ရည်ရွယ်ချက် (၃) ချက်ဖြင့် ကျင်းပခဲ့ရာ ၎င်း ရည်ရွယ်ချက်များမှာ ရခိုင်ကျောင်းသား သမဂ္ဂများ ပိုမိုချစ်ခင်စည်းလုံးညီညွှတ်လာပြီး ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်လာစေရန်၊ ရခိုင်ပြည်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး( ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး) စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရခိုင်ကျောင်းသားများကြား ဘုံသဘောထား (အခြေခံမူများ) ဖော်ထုတ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

“ ရခိုင်ပြည်တွင်းမှာရှိတဲ့ကျောင်းသား သမဂ္ဂတွေလှုပ်ရှားတဲ့ အခန်း ကဏ္ဍတွေ၊ ပြည်မမှာတက္ကသိုလ်တွေမှာရှိတဲ့ ကျောင်းသား အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ပြည်ထဲမှာလည်း တန်းတူအခွင့်အရေးနဲ့ ပတ်သက်ပြီး ကျောင်းအလိုက် ဆွေးနွေး ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ ကျောင်းတစ်ကျောင်းစီရဲ့ လိုအပ်ချက် တွေကို ရခိုင်ပြည်ကျောင်းသား သမဂ္ဂအနေနဲ့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လိုတိုက်ပွဲဝင်သွားမယ် ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်။ ရခိုင်ပြည်တက္ကသိုလ်ကျောင်းသား တွေအနေနဲ့ တခြားတိုင်နဲ့ ပြည်နယ်တွေနဲ့ တန်းတူအခွင့်အရေးရရှိဖို့ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ သက်ဆိုင်ရာတွေက အလိုက်သိသိနဲ့ ကျွန်တော်တို့ကို ပံ့ပိုးနိုင်ဖို့ကို မျှော်လင့်ပါတယ်” ဟု ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ညီဌေးက ပြောသည်။

သမဂ္ဂနှစ်ပတ်လည်ညီလာခံသို့ သံတွဲမြို့ သိမ်ကုန်းကျောင်းဆရာတော် အသျှင်ဦးတေဇိန္ဒ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (သံတွဲ) ကျောင်းအုပ်ကြီး ဒေါက်တာဦးအောင်မျိုးဝင်း၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(သံတွဲ)ကျောင်း စီမံရေးရာဌာနမှူါ် ဒေါ်စန်းစန်းလှိုင် ၊ ရခိုင်ပြည်ကျောင်းသား သမဂ္ဂရဲဘော်ဟောင်းများ၊ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များဖြစ်သော (ကျောင်းသားသမဂ္ဂ-တောင်ကုတ်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ-ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ)၊ ကျောင်းသားသမဂ္ဂ-နည်းပညာ တက္ကသိုလ်(စစ်တွေ)၊ ကျောင်းသားသမဂ္ဂ-စစ်တွေတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ-ကျောက်ဖြူ ပညာရေးကောလိပ်၊ ကျောင်းသားသမဂ္ဂ-အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(ကျောက်ဖြူ )၊ ကျောင်းသားသမဂ္ဂ-အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း(သံတွဲ)၊ ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်ကျောင်းသား သမဂ္ဂမှ သတင်းကြီးကြပ်ရေးတာဝန်ခံ ကိုဖြိုးသက်ပိုင်ဦးက  “ ပထမပိုင်းအစီစဉ်မှာတော့ ကျောင်းအသီးသီးက နေပြီးတော့ ကျောင်းသား သမဂ္ဂတွေရဲ့ လုပ်ဆောင်ချက် လိုအပ်ချက်တွေကို စပြီးတော့ ဆွေးနွေးတယ်။ ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ပြတယ်။ မိုးရာသီမှာပိုပြီးအခက်တွေ့လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ကိစ္စနဲ့လည်းပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့လည်း ကျွန်တော်တို့မှာ အမြဲတမ်း ရှိပါတယ်။ ကျောင်းတစ်ကျောင်းချင်းစီ တတ်နိုင်သလောက်လေးကို ကျောင်းသားတွေနဲ့ပူးပေါင်းပြီး လှူဒါန်းတာလေးတွေ ရှိပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

နောက်ထပ်အနာဂတ်ကျောင်းသားများ အနေဖြင့် ပညာရေးမူဝါဒ ပညာရေးအခြေခံဖြစ်ဖြစ် ပြောင်းလဲနိုင်အောင်ကြိုးစားရန်၊ ရခိုင်ပြည်က ကျောင်းသားများ ပြည်ပတွင် စာသင်နေသော ကျောင်းသားများပါ ကျောင်းသားအချင်းချင်း စည်းစည်းလုံးလုံးဖြင့် နောင်တွင် လုပ်ဆောင် စေလိုကြောင်း၊ နောက်လာမည့်မျိုးဆက်သစ်များကိုလည်း ရခိုင့်နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး ကဏ္ဍများတွင် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြရန် ရခိုင်ပြည်ကျောင်းသား သမဂ္ဂ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ညီလာခံသို့ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရက္ခိုင် ကျောင်းသားများသမဂ္ဂ(ရန်ကုန်)တို့မှ သဝဏ်လွှာပို့ခဲ့ကြသည်။

ရပ်မိရပ်ဖများ အပါအဝင် လူပေါင်း ၆ဝ ခန့်တက်ရောက်ခဲ့ပြီး ညီလာခံကို  တနင်္ဂနွေနေ့ထိ နှစ်ရက်ကြာဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ