သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

‘တဂျိမ်းဂျိမ်း’ လက်နက်ကြီးပစ်သံများကြောင့် ကျောက်တော်မြို့ပေါ် စာမေးပွဲဖြေဆိုသူ ကျောင်းသားများအတွက် စိုးရိမ်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ မတ် ၁၂/ ၂ဝ၂ဝ

လက်နက်ကြီး ပစ်ခတ်သံများ “ တဂျိမ်းဂျိမ်း” ကြားနေရသဖြင့် ကျောက်တော်မြို့ပေါ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/ သူများအတွက် စိုးရိမ်နေကြရသည်ဟု  မိဘများက ပြောသည်။

“လက်နက်ကြီးတွေ လှမ်းပစ်နေတာတွေ ရှိပါတယ်။ အသံကတော့ တဂျိမ်းဂျိမ်းနဲ့ပေါ့။ သမီးလေး စာမေးပွဲဖြေနေတာကို ကျွန်မက ရပ်စောင့်နေတုန်း အသံတွေ အများကြီးကြားရပါတယ်။ မနက်ကလည်း ရဟတ်ယာဉ်တွေလည်း မြို့ပေါ်က ပျံဝဲသွားပါတယ်။ အခုလို စာမေးပွဲဖြေနေတဲ့ အချိန်မှာ ဒီလိုမျိုး မဖြစ်ချင်ဘူးပေါ့နော်။ ကိုယ့်သမီးလေးအတွက်မှ တစ်ယောက်တည်း စိုးရိမ်တာ မဟုတ်ဘူး။ တခြားမိဘတိုင်းကလည်း စိုးရိမ်ကြမှာပါပဲ။ သမီးလေးကိုလည်း စာမေးပွဲဖြေနေတဲ့ အချိန်မှာ ဘယ်လိုပစ်တာတွေပဲ ရှိရှိ။ မကြောက်နဲ့လို့ ပြောပြထားရပါတယ်” ဟု ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်မှ ဒေါ်မကျန်စိန်က နိရဥ္စရာသို့ ပြောသည်။

ဒေါ်မကျန်စိန်၏ သမီးဖြစ်သူမှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ အထက ၂ (ခွဲ) တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဖြေဆိုနေသူဖြစ်ကြောင်းလည်း သိရသည်။

ယနေ့ နံနက်ပိုင်းက လက်နက်ကြီးများနှင့် လှမ်းပစ်ခတ်နေသည်မှာ စကခ (၉) တပ်မမှ ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ၂ စီးနှင့် ဂျက်တိုက်ယာဉ် ၁ စီးမှာလည်း ကျောက်တော်မြို့ပေါ်တွင် ယနေ့ နံနက် ၁ဝ နာရီခန့်က ပျံဝဲနေခဲ့ကြောင်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ကျောက်တော်မြို့ပေါ်သို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၄င်းက “စကခ (၉) တပ်မက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာပါ။ ထင်ရတာကတော့ မီးဝတို့ဘက်ကို လှမ်းပစ်တာနဲ့ တူတယ်။ လက်နက်ကြီး ပစ်တဲ့အချိန်ကတော့ ၁၁ နာရီလောက်ကပါ။ လက်နက်ကြီး ခန့်မှန်းခြေက ပစ်တာ အချက် ၂ဝ လောက်ရှိနေပါပြီ။” နိရဥ္စရာသို့ ပြောသည်။

အပေါက်ဝကျေးရွာရှိ စာစစ်ဌာမှ ကျောက်တော်မြို့နယ် ပညာရေးမှူးရုံး၌ ပြောင်းရွှေ့ စာမေးပွဲဖြေဆိုနေရသည့် ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူကလည်း “မီးဝဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ကလေးတွေက အဲဒါကိုကြောက်ပြီး စာမေးပွဲကို ကောင်းကောင်းမွန်မွန် မဖြေနိုင်ကြဘူး။ ကျွန်တော်တို့ ကျောင်းသားမိဘတွေ အနေနဲ့ စိုးရိမ်ရပါတယ်။ လက်နက်ကြီးတွေ ၁ဝ နာရီလောက်ကတည်းက ပစ်နေတာ။ ကျောင်းသား တွေကလည်း စာမေးပွဲဖြေနေကြတာ ကြောက်လန့်ပြီး ဖြေနေကြရတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ စကခ (၉) တပ်မနှင့် ကျောက်တော်မြို့တို့မှာ ၁ မိုင်ခန့် ဝေးကွာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းမှာ လွှတ်တော်သို့ တက်ရောက်နေသောကြောင့် ဖုန်းဖြေဆို၍ မရသေးကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

--------------------------------------

Unicode:



နိရဉ်စရာ၊ မတျ ၁၂/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ