ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့အတွင်း လေးမြို့မြစ်ရေသည် စိုးရိမ် ရေမှတ်ထက် ကျော်လွန်နေပြီဖြစ်၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန်လိုကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင်လ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃ဝ အချိန်တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း (၃)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်ဟု ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် မိုး/ဇလဌာနက သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

" မနေ့ကတည်းက စိုးရိမ် အမှတ်ကိုရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ ၄၈နာရီ အတွင်းမှာ၊ နောက်နှစ်ရက် အတွင်းမှာ ရောက်နိုင်တယ်လို့  ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာ စိုးရိမ်ရေမှတ် ကျော်ပါပြီ။ နောက် ၂ ရက်အတွင်းမှာလည်း မြောက်ဦးမြို့ဟာ စိုးရိမ်းရေမှတ်ကို ၃ ပေခန့်၊ စိုးရိမ်ရေမှတ်ကိုကျော်ပြီး ၃ ပေခန့် ဆက်လက်တက်လာတယ်ပေါ့နော်။ ၃ ပေခန့် ကျော်ပြီးတော့ စိုးရိမ် ရေမှတ် အထက်မှာ ဆက်လက်ပြီးတော့ တည်ရှိနိုင်ပါတယ်။ ဒါကြောင့် မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့ မြစ်ကမ်းအနီးမှာရှိတဲ့၊ မြေနိမ့်ပိုင်းမှာ နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်ဆိုပြီးတော့ အကြံပြုအပ်ပါတယ်လို့ဆိုပြီး ဒေါက်တာ ကျော်မိုးဦး ညွန်ကြားရေးမှူးချုပ်က နေပြီးတော့ ကျနော်တို့ ဝန်ကြီးချုပ်ရုံး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုလည်း အားလုံး သတင်း ဆက်လက် ပေးပို့ထားပါပြီ။ ပြည်နယ် အဆင့်အနေနဲ့၊ ကျနော့်အနေနဲ့ ဆက်ပြီးတော့ ပြောထားပါတယ်။"ဟု ရခိုင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးထွန်းအေးကျော်က နိရဥ္စရာသို့ ပြောသည်။

လေးမြို့မြစ်ရေသည် လက်ရှိအချိန်တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီ ဖြစ်သည့် အတွက် ဒေသခံများပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေး လိုအပ်သလို ညွှန်ကြားပေးနိုင်ရန် ရခိုင်ပြည်နယ် မိုး/ဇလဌာနအနေဖြင့် ပြည်နယ်အစိုးရသို့လည်း အသိပေးထားပြီဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က “ လောလောဆယ် အပြင်ကို ရောက်နေ၍ ၎င်းကိစ္စကို သူမသိရသေးကြောင်း၊ ညနေ ၄ နာရီ ၅ နာရီအတွင်း ပြန်ဆက်သွယ်ပါ"ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

မြောက်ဦးမြို့အတွင်း လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသည် ဆိုသည်ကို မြို့ခံများအနေဖြင့် ယနေ့ ညနေ ၄ နာရီခန့်အထိ မသိရှိသေးသလို ဌာနဆိုင်ရာများကလည်း ပြည်သူများထံ အသိပေးဆော်သြမှုများပြုလုပ်မှုမရှိသေးဟု မြို့ခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြသည်။

"ဒီကိစ္စကို လောလောဆယ်တော့ ဦးတို့ကတော့ မကြားသေးဘူး။ သို့သော်လည်း သူတို့အနေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြောပြီးပြီလား၊ မပြောသေးဘူးလားဆိုတာတော့ ဦးတို့ကတော့ မသိဘူး။ အခုကနေပြီးတော့ ဒီလောက် စစ်ဖြစ်နေကြတယ်။ ဒုက္ခတွေလည်း ရောက်နေကြတယ်။ ထပ်ပြီးတော့လည်း ရေက ထပ်ကြီးဦးမယ်ဆိုရင် အန္တရာယ်က အရမ်းရှိတယ်။ အခုလည်း ဦးတို့ စားနပ်ရိက္ခာတွေ ပေးနေကြတယ်လေ။ ပေးနေကြတဲ့အထဲမှာ မလောက်မင ကဏ္ဍတွေလည်း ရှိတယ်။ ရိက္ခာတွေ ပြတ်မယ့်အနေအထားမျိုးရှိနေတယ်။ ဒါကြောင့် အချိန်မီမကာကွယ်နိုင်လိုက်ဘဲ လတ်တလော ဒီလိုဖြစ်ခဲ့မယ်၊ နောက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလည်းမရှိခဲ့ဘူးဆိုခဲ့ရင် အသက်အန္တရာယ်တွေ ရှိသွားနိုင်တဲ့အတွက်ကိုလည်း ဦးတို့က စိုးရိမ်မိတယ်။"ဟု မြောက်ဦးမြို့ခံ ဦးဘညွန့်က ပြောသည်။

လတ်တလောတွင် မြောက်ဦးမြို့နယ်အတွင်း လေးမြို့မြစ်ကမ်း အနီးတွင်တည်ဆောက်ထားသော စင်းဘောကိုင်း ကယ်ဆယ်ရေး စခန်းအား ယခုရက်ပိုင်းအတွင်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်နေကြကြောင်းလည်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ရေလွှမ်းနစ်မြုပ်မှုများဖြစ်ပေါ်လာပါက မြောက်ဦးမြို့နယ်အတွင်း အရေးပေါ် ရွှေ့ပြောင်းပေးရမည့် စစ်ဘေးရှောင်စခန်းပေါင်း ၁ဝ ခုခန့် ရှိနေကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့အများစုတွင် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အတွင်းတွင် လူအသေအပျောက် ဖြစ်ပွားသည်အထိ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာ ဒေသခံများအနေဖြင့် ဒုက္ခအကြီးအကျယ်နှင့် ရင်ဆိုင်ခဲ့ရဖူးကြောင်းလည်း သိရသည်။

(လွန်ခဲ့သည့်ရက်အနည်းက လေးမြို့မြစ်ရေမြင့်တက်လာသဖြင် စင်းဘောကိုင်းစစ်ပြေးရှောင်စခန်းကို ရေနစ်မြုပ် လာသည်ကိုတွေ့ရစဉ်/ Photo by Khine Murn Chun- Mrauk U)

ဆက်စပ် သတင်းများ