ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် NLD ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ရွာသားအချို့ကန့်ကွက်ရာမှ မထောင်ခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 504

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်သည့်အပေါ် ရွာသားအချို့ကန့်ကွက်ရာမှ အငြင်းပွားမှုဖြစ်ပွားမှု ပေါ်ပေါက်ခဲ့ပြီး ဆိုင်းဘုတ်များ မထောင်ခဲ့ရဟု သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာ ၂ဝ ရက်နေ့ နေ့လယ် ၂ နာရီခန့်က NLD ပါတီဝင် ၂ဝ ဦးခန့်က သစ်ပုံကျေးရွာ လူစည်ကားသည့်နေရာဖြစ်သည့် ရဲစခန်း၊ ဆေးရုံ၊ ဘောလုံးကွင်းတို့တည်ရှိရာ အနီးတဝိုက်တွင် NLD အောင်နိုင်ရေး မြေစိုက် ပိုစတာဆိုင်းဘုတ်အချို့အား စိုက်ထူရန် ပြင်ဆင်နေစဉ် ကျေးရွာသားအချို့မှ လာရောက်ကန့်ကွက်သဖြင့် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်း သစ်ပုံကျေးရွာမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“ရဲစခန်းရယ်၊ ဆေးရုံရယ်၊ ဘောလုံးကွင်းရယ်ရှိတဲ့ နေရာမှာ လာစိုက်ဖို့ ပြင်နေကြတာ။ သူတို့က ရွာရဲ့ အဓိက နေရာမှာ လာလုပ်တာ။ သူတို့ အဲလို လုပ်မယ်ဆိုရင် ရွာက လူကြီးတွေကို အကြောင်းကြားရမယ်လေ။ ဟုတ်တယ်မလား။ သူတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်လို့ ပြောတယ်။ အုပ်ချုပ်ရေးမှူး ပြောတာက ရွာသားတွေနဲ့ သဟဇာတဖြစ်မယ့် နေရာမှာ ထောင်လို့ ပြောလိုက်တာပေါ့။ အဲဒါကို သူတို့က အဲဒီနေရာမှာ လာထောင်တယ်။ အဲဒါကို ရွာသားတွေက သဘောမကျဘူး။ သူတို့ ဆိုင်းဘုတ် လာထောင်တဲ့ နေရာက ရဲစခန်းရဲ့ရှေ့ဘက်ကို ကျတယ်” ဟု ယင်းအမည်မဖော်လိုသူက နိရဥ္စရာသို့ ပြောသည်။

ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အား ကျေးရွာအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ယူပြီးမှ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာတွင် ထောင်ခွင့်မရခဲ့ကြောင်း NLD ပါတီကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ဒေါ်ခင်ထိပ်ထားလှိုင်က ပြောသည်။

“ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မတို့ ဖုန်းဆက်တယ်။ ဆိုင်းဘုတ်မထောင်ခင်ပေါ့။ သူက ဗွီနိုင်း ထောင်ပေါ့နော်။ ဒါပေမယ့် သူလာကြည့်ဖို့ မအားလို့ မလာတော့ဘူးလို့ ပြောတယ်။ အဲဒီမှာ ကျွန်မတို့ ပါတီက လူတွေလည်း သစ်ပုံရွာမှာ ရှိတယ်။ ဆိုတော့ အကုန်လုံးက စဉ်းစားပြီး ဒီနေရာက Public နေရာလည်း ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာ။ အဲဒီမှာ လုပ်ပြီးလို့ ကားနဲ့ သွားကြပြီ။ အဲဒီတော့မှ ရွာသား လေး/ငါးယောက်လောက်ပါပဲ။ သူတို့က မကြိုက်ဘူး။ ဘာညာပြောတော့ ဗွီးနိုင်း ဆိုင်းဘုတ်တွေကို ပြန်လာဖြုတ်ရတယ်။ အုပ်ချုပ်ရေးမှူးကလည်း ရွာသားတွေသဘောဆိုပြီးပြောလာတယ်ပေါ့” ဟု ဒေါ်ခင်ထိပ်ထားလှိုင်က နိရဥ္စရာသို့ ပြောသည်။

ဥပဒေဘောင်အတွင်းမှ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ယူကာ သစ်ပုံကျေးရွာအတွင်း ဆိုင်းဘုတ်များ ထပ်ထောင်လို့ရသည့် နေရာ၌ ထောင်သွားမည်ဖြစ်ကြောင်း သူမက ဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သစ်ပုံကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သိန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

မာန်အောင်မြို့နယ်အတွင်း ယင်းကဲ့သို့ ပါတီအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်အား ကျေးရွာပေါင်း ၂ဝ ခန့်တွင် လုပ်ထားပြီးဖြစ်သော်လည်း ယမန်နေ့က သစ်ပုံကျေးရွာတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်အား လာရောက် ထောင်သည်ကို ကျေးရွာသားများက ကန့်ကွက်သဖြင့် ပြန်ရုတ်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ခင်ထိပ်ထားလှိုင်က ပြောသည်။

ဆက်စပ် သတင်းများ