ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်ပွဲ၊ကိုဗစ်နဲ့အင်တာနက်အခက်အခဲကြောင့် ရခိုင်မှလွှတ်တော်ကိုယ်စားလှယ်လောင်းတို့ မဲဆွယ်စည်းရုံးရေး ခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 500

ဆောင်းဇာခြည်၊ ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် တိုက်ပွဲ၊ Covid 19 ကပ်ရောဂါနှင့် အင်တာနက်ဖြတ်တောက်မှုတို့ကြောင့် မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် စိန်ခေါ်မှု အခက်များနှင့် တွေ့ကြုံ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

 ထိုသို့ စိန်ခေါ်အခက်အခဲများဖြင့် ရင်ဆိုင်နေရသဖြင့် စက်တင်ဘာ ၈ ရက်နေ့က စတင်ခဲ့သော ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကို တချို့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယခုအချိန်ထိ် မပြုလုပ်နိုင်သေးဟု သိရှိရသည်။

မြေပုံမြို့နယ်မှ မိုင်စုစုလှိုင် (တစ်သီးပုဂ္ဂလ ချင်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်း)က  “ ကျမတို့ တစ်ခုမှ မလုပ်ရသေးဘူး။ ငုတ်တုတ်ပဲ ထိုင်နေရပါသေးတယ်။ အခု အင်တာနက်က E အဆင့်ပဲ ဖြစ်နေတယ်။ ဆိုရှယ်မီဒီယာ သုံးလို့ မရဘူး။ အင်တာနက်ကနေ စည်းရုံးလို့ မရဘူး။ ပြီးတော့ တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်နေတယ်။ တိုက်ပွဲက မြို့နယ် အတော်တော်များများတွင် ဖြစ်နေတော့ ခရီးသွားလာရေး ခက်ခဲနေတယ်။ နောက်ပီး Covid 19 ဖြစ်နေတော့ တစ်ရွာနဲ့ တစ်ရွာကို ဝင်ထွက်ခွင့်မရဘူး။ ပြီးလို့ရှိရင် ကျွန်မတို့ရဲ့ သတင်းစကားတွေကိုပေါ့နော်၊ Public ကို ချပြဖို့အတွက် ကျွန်မတို့မှာ စိန်ခေါ်မှုတွေ အများကြီး ကြုံနေရချိန်မှာ ကိုဗစ်ကာလဆိုတော့ ကျွန်မတို့ ဆီမှာ Lock Down တွေ ချထားတယ်။ တစ်မြို့သွား တစ်ခါ ကွာရန်တင်းဝင်မယ်ဆိုရင်လည်း ကျွန်မတို့မှာ ရက်ပေါင်း ၆ဝ ပေးတာမှာ ကျွန်မတို့က သုံးမြို့လောက် ကွာရန်တင်းဝင်လိုက်ရင် တစ်ခုမှ မလုပ်နဲ့တော့။ ထိုင်လို့ပဲ နေလိုက်တော့” ဟု ပြောသည်။

အင်တာနက် 4G ရလျှင်လည်း ဖုန်းထဲက တစ်ဆင့် ပြည်သူများကို မိမိဒ မူဝါဒများကို ချပြပြီး မဲဆွယ် စည်းရုံး နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အင်တာနက် 4G အဆင့်ထိ တိုးမြှင့် ပေးစေလိုကြောင်း၊ အင်တာနက် 4G မရသဖြင့် တိုင်းရင်းသား လူနည်းစု လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခွင့်အရေး တစ်ရပ် ဆုံးရှုံး နေသည်ဟု ခံစားရကြောင်း သူမက ပြောသည်။

စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)  တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်စိုးက “ အများကြီး အခက်ခဲ ရှိပါတယ်။ Covid 19 ဖြစ်ပွားနေတဲ့ အတွက် ကျွန်တော်တို့ ပြည်သူလူထုကို တိုက်ရိုက် ထိတွေ့ခွင့်မရှိဘူး။ စည်းရုံးဟောပြောလို့ မရဘူး။ အဲဒါက ကျွန်တော်တို့အတွက် အကြီးမားဆုံး အဓိက စိန်ခေါ်မှုတစ်ခုပါ။ ဒီလို အခြေအနေကြောင့် ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေအတွက် အများကြီးနစ်နာမှုတွေရှိတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမှာ အင်တာနက်ဖြတ်တောက်မှု မရှိသော်လည်း Covid 19 ကြောင့် အသွားအလာများကန့်သတ်ထားပြီး Home stay နေရန် အမိန့်ထုတ်ထားသဖြင့် လူထုကြားထဲ မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် အခက်အခဲများ ရှိနေသည်ဟု သိရသည်။

 စစ်တွေမြို့နယ်မှ ရခိုင်အမျိုးသားပါတီ-ANP ကို ကိုယ်စားပြုပြီး  ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက် ယှဉ်ပြိုင်မည့်  ဦးအောင်မြကျော်က “ Home Stay ဖြစ်နေတဲ့ မြို့နယ်တွေမှာ ဘယ်လိုမှ ကျွန်တော်တို့ စည်းရုံးရေးဆင်းလို့မရတဲ့ အခြေနေဖြစ်သွားတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်ကမ်းစာစောင်တွေ ဖြန့်ဖို့၊ ကျေးရွာတွေကို ဆင်းဖို့၊ အခြားရပ်ကွက်တွေကို ဆင်းပြီးတော့ လက်ကမ်းစာစောင်တွေ ဖြန့်ဖို့ အတွက်တောင် ခွင့်ပြုချက်ယူရတယ်။  ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်မရှိဘူးဆိုတော့ ကျွန်တော်တို့က ဘယ်လိုမှ မဲဆွယ်မရတော့ အရမ်းအခက်အခဲ ဖြစ်ပါတယ်” ဟု ပြောသည်။  

စစ်တွေမြို့တွင် များသောအားဖြင့် ယခင်ရွေးကောက်ပွဲတုန်းက ညအချိန်တွင် မဲဆွယ်စည်းရုံးရေးကို အဓိကထားပြုလုပ်ခဲ့သော်လည်း လက်ရှိ ရခိုင်မြို့နယ်မှ အားလုံးတွင် ညမထွက်ရ အမိန့်ထုတ်ထားသဖြင့် မဲဆွယ်စည်းရုံးရေးမှာ ခက်ခဲလျှက်ရှိနေသည်ဟု ၎င်းက ပြောဆိုသည်။

“ မဲဆွယ်စည်းရုံးရေးပိုင်းကို အရင် ရွေးကောက်ပွဲတုန်းက ကျွန်တော်တို့ ညပိုင်းမှ အများအားဖြင့် လုပ်ကြတာ။ လူစုံတာကိုး။ ညပိုင်းဆိုရင်။ အဲလို ကဏ္ဍမှာ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တော့ ကျွန်တော်တို့ ညဘက် စည်းရုံးရေးထွက်ဖို့အတွက်က လုံးဝအဆင်မပြေဖြစ်သွားတာပေါ့။ အဲဒါကြောင့် ဒီ ညမထွက်ရအမိန့်ထုတ်တာက ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးရေးပိုင်းကို အများကြီးထိခိုက်တဲ့ အတိုင်းအတာ ရှိသွားတာပေါ့” ဟု ပြောသည်။  

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALDမှ  ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ဦးဦးထွန်းလှ “ ဒီဘက်မှာက မကြာမကြာ သေနတ်သံတွေ ကြားရတယ်။ တိုက်ပွဲတွေ၊ ပစ်ခတ်မှု တွေ ဖြစ်နေတော့  ခရီးသွားလာရေး အခက်အခဲရှိတယ်။ အင်တာနက်ကလည်း 2G ပဲရတော့ အွင်လိုင်းက မဲဆွယ်လို့ မရဘူး။ နောက်တစ်ခုက ကိုဗစ်-၁၉ ရောဂါကလည်း တစ်နေ့ထက်တစ်နေ့ ရောဂါပိုးတွေ့တဲ့လူ နည်းနည်းပိုများတယ်ဆိုတော့ ဘယ်လိုမှ ရွာတွေကို သွားပြီး မဲဆွယ်စည်းရုံးရေး လုပ်လို့ မရတော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့နယ်တွင် တပ်မတော်နှင့် Arakan Army (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေပြီး ၎င်းမြို့နယ်များတွင် အင်တာနက် ဖြတ်တောက်ထားမှုမှာ တစ်နှစ်ကျော်ကြာလာပြီဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက “  Stay At Home ညွှန်ကြားလွှာ ထုတ်ထားတဲအတွက် ရခိုင်ပြည်နယ် တစ်ခုလုံးက Stay At Home ဧရိယာထဲကို ရောက်နေတယ်၊ ရောက်နေတဲ့အတွက် သူတို့ ကန့်သတ်ထားတဲ့ အတိုင်း လုပ်လို့မရတာ အများကြီးရှိတယ်။ အိမ်တွေကို တစ်အိမ်တက်ဆင်း Doot To Door သွားဖို့တောင်မှ အဆင်မပြေဘူး။ ကျန်းမာရေးကိစ္စလည်း အရေးကြီးတာကိုး။  ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းတွေ လူထုကို ထိတွေ့ပြီးတော့ လူထုဆီကို ကိုယ်တို့ ပြောချင်တဲ့ မက်ဆေ့ချ်ပေါ့နော်၊ သတင်းစကားရောက်အောင် ပေးပိုင်ခွင့်ရတော့မှ လူထုက အော်..  ဒီလူတွေကို ငါတို့က မဲပေးသင့်တယ်။ ဒီလူကိုတော့ ငါတို့ မဲမပေးသင့်ဘူးဆိုတာမျိုး သူတို့ဆုံးဖြတ်ခွင့်ရမယ်။ အဲလိုမျိုး သတင်းစကားပေးနိုင်တဲ့ အခွင့်အလမ်းတွေ အားလုံးပိတ်ပင်ခံနေရတဲ့ အခြေအနေမှာရှိနေတဲ့ အတွက်  သန့်ရှင်းတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ရာနှုန်းပြည့်လို့ မဆိုနိုင်ဘူးပေါ့လေ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လာမည့် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည်သည်။ ကိုဗစ်ရောဂါ ကျယ်ပြန့်စွာ ဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆို်င်းရန် ပါတီ တချို့မှ တောင်းဆိုမှု ရှိနေသော်လည်း Union Election Commission (UEC) မှ သတ်မှတ်ထားသော ရက်အတိုင်း ရွေးကောက်ပွဲကို ကျင်းပမည်ဟု ပြောဆိုထားသည်။

ဆက်စပ် သတင်းများ