စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့လယ်တွင်စိုက်ထူထားသည့် NLD ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်ဖျက်ဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့လယ် ဦးဥတ္တမပန်းခြံရှေ့၌ စိုက်ထူထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ် ယမန်နေ့ စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခြင်းခံလိုက်ရကြောင်း သိရသည်။

စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့တွင် စိုက်ထူထားသည့် NLD ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်အား ချွန်ထက်သည် ဟု ယူဆရသော လက်နက်တစ်ခုဖြင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း NLDပါတီ၏ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်က ပြောသည်။

“ဘယ်သူ လာဖျက်ဆီးတယ်ဆိုတာကိုတော့ မသိရဘူးပေါ့။ လက်ရှိကတော့ အဲဒီကိစ္စကို ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပါတီဗဟိုကိုလည်း တင်ပြထားတယ်ပေါ့။ သူတို့က ဘာဆက်လုပ်ရမယ်ဆိုတာကိုတော့ ညွှန်ကြားတာ မရှိသေးဘူး။ အခုလောလောဆယ်တော့ အဲဒီ ဆိုင်းဘုတ်ကို ဘာမှ မလုပ်သေးဘူး ဒီအတိုင်းပဲ ထားသေးတယ်။ ပါတီတိုင်းလိုလို ပါတီပေါင်းစုံက ဝင်ပြိုင်ကြတာလေ။ ဒီကိစ္စမှာ ဖျက်ဆီးတယ်ဆိုတာက ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးပေါ့လေ။ စိတ်မကောင်းတော့ ဖြစ်မိတယ်ပေါ့။ ဒါက မလုပ်သင့်ဘူးပေါ့” ဟု ဦးစံရွှေကျော်က နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့အတွင်း NLD ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ဖျက်ဆီးခံရသည်မှာ ယခုတစ်ကြိမ်ဆိုလျှင် နှစ်ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း NLD ပါတီ၏ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသောင်းစိန်က ပြောသည်။

“မနေ့က ညနေပိုင်းမှာ ဦးဥတ္တမပန်းခြံနားမှာ တစ်ခု ဖျက်ဆီးခံရတယ်လို့ ကျွန်တော်စာရင်း ရတယ်။ စက်တင်ဘာ ၂၅ ရက်နေ့က လမ်းမတော်တောင်ရပ်ကွက်က အခွန်ဦးစီးရုံးအနားမှာ စိုက်ထူထားတာ တစ်ခုလည်း ဖျက်ဆီးခံလိုက်ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အစည်းဝေးမှာ တင်ပြလိုက်ရတယ်ပေါ့။ တခြားပါတီတွေလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပါတီကပဲ ဖျက်ဆီးခံရတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှ မပြောဘူး။ ဆိုင်းဘုတ်က အရေးကြီးတာမှ မဟုတ်တာလေ။ ဟုတ်တယ်မလား” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

ထိုကဲ့သို့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်အား ဖျက်ဆီးသည်မှာ မြို့သိက္ခာကို ထိပါးစေကြောင်း၊ ထိုကဲ့သို့ မလုပ်သင့်ကြောင်း ဦးသောင်းစိန်က ဆက်ပြောသည်။

ပုဏ္ဏားကျွန်းမြို့သစ်ရပ်ကွက်ရှိ စာကြည့်တိုက်အနီး စိုက်ထူထားသည့် NLDပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်တစ်ခုမှာလည်း ဖျက်ဆီးခြင်းခံလိုက်ရသေးကြောင်း သူက ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်အား စစ်တွေမြို့အတွင်း ဦးဥတ္တမပန်းခြံရှေ့တွင် တစ်ခု၊ လမ်းမတော်တောင်ရပ်ကွက်ရှိ အခွန်ဦးစီးဌာနရုံးနားတွင် တစ်ခု၊ လောကာနန္ဒာဘုရားရှေ့၌ တစ်ခု၊ ပြည်နယ်တရားရုံးရှေ့၌ တစ်ခု စသည့် နေရာများတွင်  ၁ဝ ခုထိ စိုက်ထူထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက  ယခုကဲ့သို့ ရွေးကောက်ပွဲဆိုင်းဘုတ်များကို ဖျက်ဆီးခြင်းမှာ မဖြစ်သင့်ကြောင်း ပြောဆိုသည်။

“ ကျွန်တော်တို့ တောင်ကုတ်ဘက်မှာလည်း ဆိုင်းဘုတ်တချို့ဖျက်ဆီးခံရတာကို တွေ့ပါတယ်။ ဒီဖြစ်ရပ်မျိုးတွေက ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ မဖြစ်သင့်တဲ့ အရာတွေဖြစ်တာပေါ့နော်။ တကယ်တန်းက ယှဉ်ပြိုင်တဲ့ အချိန်မှာ တရားမျှတစွာနဲ့ ယှဉ်ပြိုင်ဖို့ လိုတာပေါ့နော်။ တစ်ဖက်ကို တစ်ဖက်ဖြစ်စေ၊ တစ်ဦးကို တစ်ဦးက ဖြစ်စေ လူပုဂ္ဂိုလ်တွေရဲ့ ခံစားချက်အရ ပါတီဆိုင်းဘုတ်တွေကို ဖျက်ဆီးတာဆိုရင်လည်း မလုပ်သင့်ဘူးပေါ့နော်။ ကိုယ်က မကြိုက်ရင်တောင်မှ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမျိုးကတော့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း NLD ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်များ ဖျက်ဆီးခံမှုများ ရှိနေရာ တောင်ကုတ်မြို့နယ်တွင် ဆိုင်းဘုတ် ၇ ခုထိ ဖျက်ဆီးခံရပြီး မာန်အောင်မြို့နယ်နှင့် ငပလီတွင်လည်း NLD ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်များ ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

(ဓာတ်ပုံ- ဖဒူထွန်းအောင်)

ဆက်စပ် သတင်းများ