ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြောက်ဦးတွင်ပြိုကျသွားသည့် မောက်တော်တံခါး အရေးပေါ်ထိန်းသိမ်းရေးလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၉/၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယမန်နေ့ ညနေပိုင်းက ပြိုကျ သွားသည့် မောက်တော်တံခါးအား အရေးပေါ် ထိန်းသိမ်းရေး လုပ်ရန် ညွှန်ကြားထားကြောင်း မြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောသည်။

“ဒု/ညွှန်မှူးခေါင်းဆောင်ပြီးတော့ အင်ဂျင်နီယာ Section နဲ့ ကွင်းဆင်း မှတ်တမ်း၊ တိုင်းထွာပေါ့နော်။ ဓာတ်ပုံမှတ်တမ်း လုပ်ပေါ့။ ထိန်းသိမ်းရေးလုပ်ဖို့အတွက်ပေါ့။ အရေးပေါ် ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဖို့တော့ ဆောင်ရွက်နေတာရှိပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို အမြန်ဆုံးလုပ်ခိုင်းထားပါတယ်” ဟု ဒေါက်တာသန်းထိုက်က နိရဥ္စရာသို့ပြောသည်။

မြောက်ဦးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဦးမြို့ စပါးဆိပ်ရပ်ကွက်ရှိ လက်ကွယ်တောင်နှင့် ရသေ့တောင်ကြား တွင်ရှိသော မောက်တော်တံခါးသည် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တံခါး၏ ညာဘက်အခြမ်း ထက်ဝက်ခန့် ပြိုကျသွားခြင်းဖြစ်ကြောင်း မြောက်ဦး ရှေးသု ညွှန်မှူး ဒေါက်တာသန်းထိုက်က ဆိုသည်။

ပြိုကျပြီးသည်နှင့် ရှေးသုဌာနကရောက်ရှိလာပြီး အနီးအနားကို လူသွားလူလာမရှိစေရေး စည်းတန်းများ တားထားခဲ့သည်ကို တွေ့ရပြီး မည်သည့်ပြုပြင်ထိန်းသိမ်းရေးကိုမျှ လုပ်နေသည်ကို မတွေ့ရဟုလည်း သွားရောက်ကြည့်ရှုနေသူတစ်ဦးက ပြောသည်။

“ဒီနားက လူတွေကို ရှေးသုကတော့ ပြောခဲ့တယ်တဲ့။ စက်တင်ဘာ ၉ ရက်နေ့မှ လာလုပ်တော့မယ်လို့။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ ချက်ချင်းပြုပြင်ထိန်းသိမ်းပေးရမယ်။ ဝရိန် သမားတွေ ခေါ်ပြီးတော့ သံတန်းတွေနဲ့ဖြစ်ဖြစ် ယာယီ တားပေးထားရမယ်လေ။ မတော်တဆ  တစ်ညလုံး မိုးသည်း ပြီးတော့ အဲဒီတံခါး ဒီထက်ပြိုသွားမှာကို စိုးရိမ်ရပါတယ်”ဟု သွားရောက်ကြည့်ရှုနေသည့် မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါမောက်တော်တံခါးသည် မြောက်ဦးမြို့ရှိ မြို့အဝင် တံခါးပေါက် ၃၂ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် တံခါးပေါက် ဖြစ်ကြောင်း ဒေါက်တာသန်းထိုက်က ပြောသည်။

မူရင်းဓာတ်ပုံပိုင်ရှင် - သန်းထွန်း

ဆက်စပ် သတင်းများ