စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦးယဉ်ကျေးမှုနယ်မြေ UNESCO ဝင်ရန် တင်သွင်းထားချိန် နန်းရာကုန်းအတွင်း ကွန်ကရစ်လမ်းခင်းနေမှုကန့်ကွက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 916

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၉ /၂ဝ၁၉

ရခိုင်တို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မြောက်ဦးကို UNESCO ကမ္ဘာရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်းရန် တင်သွင်းထားချိန် နန်းရာကုန်းဧရိယာအတွင်း ကွန်ကရစ်လမ်းခင်းနေသဖြင့် ကန့်ကွက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ထိုသို့ကန့်ကွက်မှုများရှိနေသဖြင့် ယခုအခါ ကွန်ကရစ်လမ်းအစား အုတ်စီလမ်းအဖြစ် ပြန်ခင်းရန် စီမံကိန်း ပြောင်းလဲလိုက်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

 “တာဝန်ရှိသူတွေက ကွန်ကရစ်ခင်းလို့မရဘူး ဆိုလို့ အုတ်ကွက်စီပြီးတော့မှပဲ လုပ်တော့မယ် ဆိုတာကို ပြည်နယ်က စာချပေးထားပါတယ်။ အဲဒါကြောင့် အဲဒီအတိုင်းပဲ လုပ်လိမ့်မယ်ပေါ့နော်။ မသိခင်ကတော့ ကွန်ကရစ်ခင်းလိုက်တယ်။ ခင်းလိုက်ပြီးမှ တာဝန်ရှိသူတွေဆီက တိုင်ကြားစာတွေ ရောက်လာတဲ့အတွက်ကြောင့် အခုလို အုတ်ကွက်စီလမ်းပဲ လုပ်မှာပါ။ အလျားတွေ၊ အနံတွေကိုတော့ ကျွန်တော်လည်း မသိဘူး။ စီမံကိန်းစာရွက်မှာ ပြန်ကြည့်မှရမယ်” ဟု ဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မြောက်ဦး နန်းရာကုန်းသည် ရှေးဟောင်းအမွေအနှစ်သမိုင်းဝင်သောနေရာတစ်ခုဖြစ်သဖြင့် ယင်းမြေနေရာဝန်းကျင် အတွင်း ကွန်ကရစ်လမ်းခင်းခွင့်မရှိကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။

“ရှေးဟောင်းအဆောက်အဦရှိတဲ့  ဧရိယာအတွင်း ကွန်ကရစ်လမ်းခင်းခွင့်မရှိပါဘူး။ ဥပဒေမှာ ပါပြီးသားပါ။ တကယ်လို့ လမ်းလုပ်မယ်ဆိုရင်တောင်မှ အုတ်ကွက်ချပြီးမှ လုပ်လို့ရပါမယ်။ အဲဒါဆို အောက်က ရှေးဟောင်းမြေကို မထိခိုက်ဘူးပေါ့နော် ”ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နန်းရာကုန်း ဧရိယာအတွင်း လမ်းခင်းခြင်းမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာနနှင့် တိုက်ရိုက် ပတ်သက်နေသဖြင့်   ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာန (မြောက်ဦးဌာနခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေနိုင်ထွန်းအား ဖုန်းဖြင့်ဆက်သွယ်မေမြန်းရာ ဖုန်းဖြင့် မဖြေကြားနိုင်ကြောင်း ပြောကြားသည်။

ကွန်ကရစ် လမ်းအားခင်းနေသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရေးဆောင်ရွက်နေစဉ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများကို ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ မဖြစ်သင့်ဟုလည်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့်က ထောက်ပြသည်။

"ယူနက်စ်ကိုဝင်ဖို့အတွက် မူကြမ်းတင်ထားတာဖြစ်တယ်။ ကျွန်တော်တို့မှာ ယူနက်စ်ကိုဝင်ဖို့ နောက်လုပ်စရာတွေ အများကြီး ရှိပါတယ်။ ဆိုတော့ ဒီစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လို့ မရပါဘူး။ နောက်တစ်ခုက အဲဒီနေရာဟာ လမ်းကြီး၊ လမ်းကျယ် ဖောက်လုပ်ဖို့အထိ လိုအပ်တဲ့ မြေနေရာမဟုတ်ပါဘူး။ တစ်ဖက်က ညောင်ပင်စျေး ဘုန်းကြီးကျောင်း ရှိတယ်။ နောက်တစ်ဖက်က မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးအိမ်နဲ့ လဝကရုံးရှိတယ်။ အဲဒီရုံးတွေကလည်း မြို့သစ်ကို ပြောင်းရွှေ့ရမယ့်ဟာတွေပါ။ အဲဒီလမ်းမှာ ပြည်သူတွေလည်း မနေပါဘူး။ အဲဒါကြောင့် အခုလုပ်နေတဲ့ လမ်းက အရေးပေါ် မဖြစ်မနေ လိုအပ်တဲ့ လမ်းလည်း မဟုတ်ပါဘူး”ဟု ဦးသန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်၏ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်ရေးအတွက် ၂ဝ၁၇ ခုနှစ်မှစတင်ကာ အစိုးရအပါအဝင် သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများ ကြိုးစားနေပြီး လက်ရှိတွင် ယူနက်စ်ကိုဝင်ရေးအဆိုပြုလွှာမှုကြမ်းကို စက်တင်ဘာ ၂၅ ရက်နေ့က တင်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

ဆက်စပ် သတင်းများ