သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျိုင်းတုံဆွေးနွေးပွဲ သဘောတူညီမှု(၇)ချက်ရရှိ၊ တစ်ဖွဲ့ချင်းစီဆွေးနွေးရန် တပ်မတော်မှကမ်းလှမ်းမှုရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၈/၂ဝ၁၉

စက်တင်ဘာ ၁၇ ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ Amazing Kengtong resort တွင် ကျင်းပခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့အကြား ဆွေးနွေးပွဲတွင် အကြမ်းဖျင်း သဘောတူညီချက်(၇) ချက်ရရှိခဲ့သည်။ ၎င်းအပြင် တပ်မတော်ကိုယ်စားလှယ်အဖွဲ့မှ ရက္ခိုင့်တပ်တော်(AA) အပါအဝင် တစ်ဖွဲ့ချင်းစီ ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုများ ရှိခဲ့သည်ဟုလည်း သတင်းရရှိသည်။

တက်ရောက်ခဲ့သည့် မြောက်ပိုင်း မဟာမိတ် လေးဖွဲ့မှာ KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့)၊ MNTJP ( မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး)နှင့် ULA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်)တို့ ဖြစ်ကြသည်။

၎င်းသဘောတူညီချက် (၇) ချက်မှာ

နှစ်ဖက်အပစ်ရပ်စာချုပ်(Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုက်ပွဲများလုံးဝချုပ်ငြိ်မ်းသွားစေရန်အတွက် လိုအပ်သည်များ ဆက်လက်ဆွေးနွေးလုပ်ဆောင်ရန်၊

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကို အစိုးရ၊ NRPC၊ တပ်မတော်တို့နှင့် ညှိနိုင်းဆောင်ရွက်သွားကြရန်၊

တိုက်ပွဲများထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းရန်နှင့် လိုအပ်သောလုပ်ငန်းကိစ္စများ ညှိနိုင်းဆောင်ရွက်ရန် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိရေးအတွက် ဆွေးနွေးရန်၊

ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် နှစ်ဖက်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆက်လက် ဆွေးနွေးရန်၊

NCA ဆိုင်ရာနှစ်ဖက်ဆွေးနွေးမှုများကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားရန်၊

အပစ်အခတ်ရပ်စဲမှု ခိုင်မာစေရေးဆောင်ရွက်ရာတွင် စေ့စပ်ညှိနိုင်းဖြေရှင်းပေးနိုင်ရေးအတွက် နှစ်ဖက် သဘောတူလက်ခံသည့် ပဋိပက္ခဖြေရှင်းနိုင်ရေး နည်းလမ်း ရရှိနိုင်ရေး ဆက်လက် ဆွေးနွေးဆောင်ရွက်သွားကြရန်နှင့်

လာမည့် ဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ် အောက်တိုဘာလတွင် ထပ်မံ ပြုလုပ်ရန်တို့ ဖြစ်ကြသည်။

ယမန်နေ့က ကျိုင်းတုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုက်ပွဲ လျှော့ချရေးနှင့် ပတ်သက်ပြီး ဦးဇော်ဌေးမှ ပြောကြားရာတွင် တိုက်ပွဲများ မဖြစ်ရန် သဘောတူညီမှုရရန် လုပ်နေကြောင်း၊ ၎င်းသဘောတူညီမှုထဲတွင် မည်သည့် နေ့ရက်မှစပြီး အပစ်ရပ်ရေးကို ရပ်ဆိုင်းကြောင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ မြောက်ပိုင်းလေးဖွဲ့မှ လက်မှတ်ထိုးရန် အဆင်သင့်မရှိသေးသဖြင့် အစည်းအဝေး သဘောတူညီလောက်ပဲ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျိုင်းတုံဆွေးနွေးပွဲတွင် ရက္ခိုင့်တပ်တော်(AA) အပါအဝင် မြောက်ပိုင်းလေးဖွဲ့မှ တစ်ဖွဲ့ချင်းစီနှင့် ဆွေးနွေးရန် တပ်မတော်ကိုယ်စားလှယ် အဖွဲ့က ကမ်းလှမ်းခဲ့ကြောင်း၊ သူတို့နှင့် တပ်မတော်အကြားမှာ ဘာတွေကို ဘယ်လိုလုပ်ချင်သလဲဆိုသည်ကို ဆွေးနွေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် မဟာမိတ်လေးဖွဲ့မှာ လုပ်ပိုင်ခွင့် Mandate မပါလာခဲ့သဖြင့် တစ်ဖွဲ့ချင်းစီနှင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ကြောင်း၊ တပ်မတော် ကိုယ်စားလှယ်များ ပါလာချိန်တွင် AA၊ TNLA တို့နှင့် သီးသန့်ဆွေးနွေးလျှင် ပိုမို ထိရောက်နိုင်သဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ဆက်စပ် သတင်းများ