သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ပိုင်းညီနောင် မဟာမိတ်၃ ဖွဲ့မှ ၂ဝ၁၉ ဒီဇင်ဘာအကုန်ထိ တစ်ဖက်သတ် အပစ်အခတ်ရပ်မည်ဟု ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.3k

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂ဝ/၂ဝ၁၉

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်(MNTJP/MNDAA)၊တအာင်း(PSLF/TNLA)၊ရက္ခိုင်တပ်တော်(ULA/AA)တို့ မှ  ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာသည်။

၄င်း ထုတ်ပြန်ချက်ကို ယနေ့ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် အပစ်အခတ်ရပ်ဆိုင်းရေး စာချုပ်(Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေး ထိုးနိုင်မည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး လုပ်ငန်းများကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက် ပွဲများ လျှော့ချရပ်တန့်ရန်အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း ပါရှိသည်။

ကနဦးက မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့သည် စက်တင် ဘာလမှ အောက်တိုဘာလ အထိ တစ်လတာ အပစ်အ ခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ၂ဝ၁၉ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထပ်မံ ထုတ်ပြန်ကြေညာ ခြင်း ဖြစ်သည်။

ထို ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော် အနေဖြင့် လည်း ဆန္ဒရှိပါက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် ပူးတွဲ အပစ်အခတ် ရပ်စဲနိုင်ကြောင်းလည်း ပါရှိသည်။

သို့သော် ကြေညာထားသည့် ကာလအတွင်း မြန်မာ့ တပ်မတော်ဘက်မှ မိမိတို့ အဖွဲ့မှ တစ်ဖွဲ့ဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊တိုက်ပွဲများ မရှိဘဲ လက်နက်၊အမြှောက်များဖြင့် စုပြုံတိုက်ခိုက်ခြင်း၊ပြည်သူလူထုအား ရည်ရွယ်ချက် ရှိရှိဖြင့် လူမျိုးရေး အမုန်းတရားဖြင့် ဦးတည် တိုက်ခိုက်ခြင်း၊စစ်ရှောင် ပြည်သူများကို ရိက္ခာ ဖြတ် တောက်ခြင်းများ ပြုလုပ်မည် ဆိုပါက ၄င်းတို့အနေဖြင့် အဖိနှိပ်ခံ ပြည်သူများနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဟု မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့မှာ ထုတ်ပြန်ကြေညာလိုက်သည်။


ဆက်စပ် သတင်းများ