ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ အနေဖြင့် တစ်ဖွဲ့ချင်း သီးခြားဆွေးနွေးရန် အစီအစဉ်မရှိသေးဟု အေအေပြောခွင့်ရသူ တုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်နဝါရီ ၈ / ၂ဝ၂ဝ

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တွင်ပါဝင်သည့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ရှိ အချိန်တွင် တစ်ဖွဲ့ချင်း ဆွေးနွေးရန် အစီအစဉ် မရှိသေးဟု ရက္ခိုင့်တပ်တော် (AA)၏ ပြောခွင့်ရသူ ခိုင်သုခက ပြောကြားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင်ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်း၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်လျှင် တစ်ဖွဲ့ချင်း သီးခြား ဆွေးနွေးနိုင်ရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားသည်ဟု ပြောကြားသွားခဲ့သည်။

ယင်းပြောကြားချက်အပေါ် “ ဘယ်လို သဘောထားပါသလဲ” ဟု  ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခအား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းရာ လက်ရှိ အချိန်တွင် တစ်ဖွဲ့ချင်း ဆွေးနွေးရန် အစီအစဉ် မရှိသေးဟု ဆိုသည်။

"ကျနော်တို့ ULA / AA အနေနဲ့ကတော့ အရင်လည်း ကျနော်တို့ဘက်က ထုတ်ပြန်ချက်တွေတော့ ရှိတယ်ဗျ။ ကျနော်တို့ ဒီ မြောက်ပိုင်းမဟာမိတ်အနေနဲ့ပဲ ဆွေးနွေးမယ်။ တစ်ဖွဲ့ချင်းမဆွေးနွေးဘူးဆိုပြီးတော့ အရင် ထုတ်ပြန်ထားတာတော့ရှိတယ်။ ဆိုတော့ ကျနော်ထင်တာတော့ အခုလည်းပဲ ကျနော်တို့အဖွဲ့အစည်းအနေနဲ့ အဲဒီရပ်တည်ချက်အတိုင်းပဲ ဆက်ပြီးတော့ ရှိနေတယ်ဗျ။ လောလောဆယ် အပြောင်းအလဲတော့ မရှိသေးဘူး။"ဟု ရက္ခိုင့်တပ်တော်(AA)၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာကိုပြောသည်။

၎င်းပြင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူများ၊ ကျေးရွာများ၊ ပြည်သူများ ဒုက္ခသည်စခန်းများတွင် ဆင်းဆင်းရဲရဲနေရသည့်အတွက် လက်နက်ကိုင်ပြီး အားသာချက်ယူခြင်းမျိုး၊ ဖြေရှင်းချက် အသစ်များကို စိတ်ကူးယဉ်ခြင်းမျိုးများနှင့် နိုင်ငံ၏ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟုလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

"နိုင်ငံရေးစားပွဲဝိုင်းတွေမှာဝင်ထိုင်ပြီး ကိုယ့်ရဲ့လိုအင်ဆန္ဒ၊ ကိုယ့်ရဲ့လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ကျွန်မတို့နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့အတွက်လည်း ကျွန်မတို့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားပေးတာ ဖြစ်ပါတယ်။ ဖွင့်လှစ်ထားတဲ့ ငြိမ်းချမ်းရေးတံခါးကနေ ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းလာခဲ့ကြဖို့ ကျွန်မအနေနဲ့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ် တိုက်တွန်းသည်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ဖိတ်ခေါ် နေရုံမျှဖြင့် မပြီးဘဲ တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် လိုသလို ရက္ခိုင့်တပ်တော်(AA)ကို အမြစ် ပြတ်ချေမှုန်းရန် အမိန့်ပေးထားမှုအား ရုပ်သိမ်းပေးမှသာ တစ်ဘက်နှင့်တစ်ဘက် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု တုံ့ပြန်သည်။

"ဒီကိစ္စကတော့ အဲလိုမျိုး ဖိတ်ခေါ်နေရုံလောက်နဲ့ မပြီးဘူးဗျ။ အထူးသဖြင့်တော့ အခုလက်ရှိ အင်အားတွေ အလွန်အကျွံသုံးပြီးတော့ မြန်မာစစ်တပ်ဘက်ကလုပ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့လိုတာပေါ့နော်။ အဲလို ထိုးစစ်တွေကို မရပ်တန့်ဘဲနဲ့ ဖိတ်ခေါ်နေရုံလောက်နဲ့တော့ မပြီးဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူအရင်တုန်းက အမိန့်ပေးထားတဲ့ ဥစ္စာကို ရုပ်သိမ်းဖို့လိုတာပေါ့။ အထူးသဖြင့် ရက္ခိုင့်တပ်တော်(AA)ကို အမြစ်ပြတ် ချေမှုန်းဖို့ ဗမာစစ်တပ်ကို သူ အမိန့်ပေးထားတဲ့ဥစ္စာရှိတယ်။ အဲဒီဥစ္စာကို သူ ရုပ်သိမ်းဖို့လိုတာပေါ့။ အဲလိုမှပဲ တစ်ဘက်နဲ့တစ်ဘက် အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်လို့ရနိုင်မှာပေါ့။"ဟု ခိုင်သုခက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က NCA ၏ ထီးရိပ် အောက်တွင် စုပေါင်းဆွေးနွေးမှု လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းစီအနေဖြင့် သီးခြားဆွေးနွေးနိုင်ကြရန် သူမတို့ အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း ပြောဆိုသွားခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ဖြစ်သည့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ယခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုသာ  နောက်ထပ် လက်မှတ်ရေးထိုးခဲ့သည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်ကြသည့် ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့သည် ယခုအချိန်ထိ NCA လက်မှတ်မထိုးရသေးဟုလည်း သိရသည်။

ယနေ့ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM)သို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် အချက် ၈ ချက်ကို သဘောတူညီနိုင်ခဲ့ကြသလို ၂၁ ရာစုပင်လုံညီလာခံကို ၂ဝ၂ဝ ပြည့်နှစ် ပထမလေးလပတ်အတွင်း ပြုလုပ်နိုင်ရန် အကြမ်းဖျင်းသဘောတူညီခဲ့ကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ