အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးအတွက် ဧရာဝတီတိုင်းမှကရင်လူငယ်များ လှုပ်ရှားမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၂ဝ/၂ဝ၂ဝ

ဧရာဝတီတိုင်း ဒေသကြီး ခရိုင် ၅ ခုက ကရင်လူငယ်များသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပိုစတာများ ကိုင်ဆောင်ပြီး လှုပ်ရှားမှု  Campaign ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။  

ပုသိမ်မြို့တွင် နေထိုင်သည့် ကရင်ငယ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုစောရဲသစ္စာက “ ဧရာဝတီတိုင်း ခရိုင်ငါးခုက ကရင်လူငယ်တွေက ရောက်နေတဲ့ နေရာကနေ သူတို့လိုလားတဲ့ ပိုစတာလေးတွေကို ကိုင်၊ ဓာတ်ပုံရိုက်ပြီး ဆို်ရှယ်မီဒီယာက တစ်ဆင့် အများသိအောင် ဖြန့်ဝေပြီး ပြုလုပ်ကြတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာ မငြိမ်းချမ်းတဲ့ ဒေသတွေရှိနေတယ်။ ဒီအတွက် မြန်မာတစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး လုပ်ကြတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၎င်းလူပ်ရှားကို ကရင်လူငယ် ယာယီ ဦးဆောင်ကော်မတီက ဦးစီးပြီး ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် ဖျာပုံခရိုင်တို့မှ ကရင်လူငယ်များ ပူးပေါင်း ပါဝင် လှုပ်ရှားခဲ့ကြသည်ဟုဆိုသည်။

“ ကျနော်တို့ အနေနဲ့ စစ်ပွဲဖြစ်နေတဲ့ အဲဒီဒေသကို ကျနော်တို့က ကိုယ်တိုင်သွားရောက် မကူညီနိုင်ဘူး။ ကျနော်တို့တွေ လုပ်ပေးနိုင်တဲ့ အရာသည် ကျနော်တို့က သူတို့နဲ့ အတူ ရပ်တည်ပေးလို့ ရတယ်။ ဝိုင်းရန်ပေးလို့ရတယ်။ ကျနော်တို့ရဲ့ အသံကို ထုတ်ဖော်ပေးနိုင်မယ်ပေါ့နော်။ ပီးရင် ဒီလို ဖြစ်နေတဲ့ဟာ ကိုလည်း တာဝန်ရှိနေတဲ့ အစိုးရ တာဝန်ယူ ဒီအပေါ်မှာ အရေးယူပေးဖို့လိုတာပေါ့နော်။ ကျနော်တို့ ကြည့်တဲ့ဟာကတော့  လူ့အခွင့်အရေးအရ၊ တရားမျှတမှုအရ ဒီဟာကို အခြေခံတန်ဖိုးတွေ အနေနဲ့ ကြည့်တဲ့အခါ အပြစ်မဲ့ ပြည်သူတွေက ခံနေရတာပေါ့နော်။ စစ်ဖြစ်တာက တော့ မှန်တယ်။ မှားတယ်။ သူ့ဖက်ကိုယ့်ဖက်ရှိကြမှာပေါ့။ ခံနေရတာက ပြည်သူတွေ၊ ဒုက္ခရောက်ရတာက ပြည်သူတွေ၊ သေကြတယ်။ ဒဏ်ရာရကြတယ်။ သူတို့အတွက် မငြိမ်းချမ်းဘူးပေါ့ဗျာ။ သူတို့အတွက် အမှန်တရား၊ တရားမျှတမှုတွေ လိုအပ်တယ်ပေါ့နော်။ ကျွန်တော်အနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ဒီလိုမျိုး မိမိရဲ့ အသံလေးတွေကို ထုတ်ဖော်ပြီး ပြောဖို့လိုတယ်။ ဝိုင်းရန်ဖို့လိုတယ်ဆိုပြီး ဒီလို လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ် ကိုစောရဲသစ္စာက ဆက်လက်ပြောဆိုသည်။

ယခု လှုပ်ရှာမှုကို ရခိုင်ပြည်နယ်သာမက စစ်ပွဲများရှိနေသော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်မှ ပြည်သူလူထု အတွက်လည်း ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် တို့တွင် တိုက်ပွဲများရပ်ပြီး အဆုံးသတ်ရန် လိုအပ်ကြောင်း၊ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားပြီး လူထု ထိခိုက်များကို ထင်ရှားစွာ မြင်နေရသဖြင့် တရားမျှတမှုနှင့် ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသားတိုင်း ရရှိ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားသည်။

လှုပ်ရှားမှုတွင် ပါဝင်ကြသည့်  ဧရာဝတီတိုင်းဒေသကြီးမှ ကရင်လူငယ်တွေသည် ရခိုင်အရေးသည် ပြည်ထောင်စုအရေး ချက်ချင်းဖြေရှင်းပေး၊ ငြိမ်းချမ်းချိန်တန်ပြီ၊ ဥပဒေမဲ့သတ်ဖြတ်မှုများချက်ချင်းရပ်၊ အမျိုးသမီးများအပေါ် မတရားအကြမ်းဖက်မှုများချက်ချင်းရပ်၊  တရားမျှတမှု ရှင်သန်ပါစေ၊ လူမျိုးကြီး ဝါဒဆန့်ကျင်ကြ၊ ချစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့၊ လူသတ်မှုအားပေးသည့် အစိုးရအား ရှုံ့ချသည်၊ လူသားအချင်းချင်း သတ်ဖြတ်ခြင်းများကင်းဝေကြပါစေ၊ ကျည်ဆံတွေအစား ပန်းများပွင့်ပါစေ၊ ကမ္ဘာကြီး ငြိမ်းချမ်းပါစေ ကလေးများပျော်ရွှင်ပါစေနှင့်  ကမ္ဘာကြီးငြိမ်းချမ်းပါစေစသည့် ပိုစတာများကို ကိုယ်စီကိုင်ဆောင်၍ လူပ်ရှားမှု ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ