သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တပ်မတော်မှ "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး” ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)သဘောထားထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁ဝ/ ၂ဝ၂ဝ

နိုဝင်ဘာ ၉ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ "ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်" နှင့် ပတ်သက်ပြီး ရခိုင်အခြေစိုက် ရခိုင့်ဦးဆောင်ပါတီ (AFP)က သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်အား ယနေ့ နိုဝင်ဘာ ၁ဝ ရက်နေ့စွဲဖြင့် ထုတ်ပြန်ရာတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်  မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ရက္ခိုင့်တပ်တော်(AA)အား ကြေငြာထားခြင်းကို ရုတ်သိမ်းခြင်းဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသစ် စတင်သင့်သည်ဟု ရခိုင့်ဦးဆောင်ပါတီကရှုမြင်သည်ဟု  ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး AFP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက "မနေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အဲဒီထုတ်ပြန်ချက်ကို ရည်ညွှန်းထားတဲ့ ထုတ်ပြန်ချက်ကို ထုတ်တာပေါ့။ ကျွန်တော်တို့ အဓိက အချက်အနေနဲ့ ဒီကာလမှာ ဒီထုတ်ပြန်ချက်ထုတ်တဲ့အခါ ထောက်ပြရမယ့် အချက် ကတော့ ငြိမ်းချမ်းရေးကို အမှန်တကယ် သဘောရိုးသဘောမှန်နဲ့ လိုလားတယ်ဆိုလို့ရှိရင် အေအေကို အကြမ်းဖက်အဖွဲ့အနေနဲ့ ကြေငြာထားတာကို ရုတ်သိမ်းလိုက်ဖို့ လိုတယ်။ အဲဒီလို ရုတ်သိမ်းမှ တိုက်ခိုက်နေတဲ့ ဘက်ပြိုင်နေတဲ့ အဖွဲ့စည်းအဖြစ်ကနေ ဆွေးနွေးနေတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားမှာ ဖြစ်တယ်။ ပြီးမှ တစ်ဆင့် ငြိမ်းချမ်းရေးကို ဦးတည်သွားမှာ ဖြစ်တယ်" ဟု နိရဥ္စရာသို့ ပြောသည်။

AFP ၏ ထုတ်ပြန်ချက်တွင် " နိုဝင်ဘာ ၉ ရက်နေ့ နေ့စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက "ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်" ထုတ်ပြန်ရာတွင် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီသည် "NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်း" အား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သဘေားဖော်ပြလိုက်သည်ကို တွေ့ရပါကြောင်း၊ NCA နှင့်ပတ်သက်၍ သဘောထား ကွဲပြားမှု များစွာ ရှိနေကြသော်လည်း ဆွေးနွေးဝိုင်းစားပွဲသို့ မရောက်နိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ဆွေးနွေးပွဲများဆီသို့ တပ်မတော်က ဖိတ်ခေါ်လိုက်သည့် ခြေလှမ်းအသစ် အဖြစ် အဆိုပါ ထုတ်ပြန်ချက်အား ရခိုင့်ဦးဆောင်ပါတီအနေဖြင့်် မှတ်ယူပါကြောင်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ ဆွေးနွေးနိုင်ကြရန်အလို့ငှာ ယနေ့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော ရခိုင်ဒေသတွင် ကြီးကြီးမားမား လှုပ်ရှားမှုများရှိနေသည့် ရက္ခိုင့်တပ်တော် (AA)အား မြန်မာ အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားခြင်းကို ရုတ်သိမ်းခြင်းအားဖြင့် ခြေလှမ်း စတင်သင့် သည်ဟု ရခိုင့်ဦးဆောင်ပါတီက ရှုမြင်ပါသည် " ဟု ရေးသား ဖော်ပြထားသည်။

 နိုဝင်ဘာ ၉ ရက်နေ့က "ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်" တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ် ရေးထိုးပြီးသော လက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန်၊ ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက် ဆွေးနွေးရန် လိုအပ်လျက်ရှိကြောင်းဖော်ပြထားသည်။

၎င်းပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ထာဝရငြိမ်းချမ်းရေး ပြီးဆုံးအောင်မြင်သည်အထိ လိုအပ်၍ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီအား  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်မှ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၄ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။  

၎င်းတပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်းနှင့် NCA လက်မှတ် မရေးထိုးရသေးသော  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဆက်စပ် သတင်းများ