ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီမှ လက်ရှိရခိုင်အရေးနှင့် ပက်သက်၍ အချက်(၄)ချက်ပါ ကြေညာချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ၄/၂ဝ၁၉

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီမှ လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ အချက် ၄ ချက်ပါ သဘောထားကြေညာချက် တစ်စောင်ကို စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်အား  စစ်တွေမြို့ရှိ ပညာလင်္ကာရကျောင်းတွင် သြဂုတ်လ ၃၁ ရက် နေ့မှ စက်တင်ဘာလ ၂ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ရခိုင် တစ်မျိုးသားလုံး ညီညွတ်ရေး ကော်မတီနှင့် ဗဟိုလုပ်ငန်း ဖော်ဆောင်ရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသား ညီညွတ်ရေးကော်မတီအဖွဲ့မှ ပြောသည်။

ကော်မတီ၏ ဗဟိုလုပ်ငန်း ဖော်ဆောင်ရေးကော်မတီမှ ပထမ ခေါင်းဆောင် ဦးခင်မောင်ကြီးက “လက်ရှိ ရခိုင်ပြည်မှာ တို်က်ပွဲတွေ ဖြစ်နေတာတွေ အင်တာနက်လိုင်း အခုထက်ထိ မရသေးတဲ့မြို့နယ်တွေ ရှိသေးတာတွေနဲ့ပတ်သက်ပြီး ပြန်လည်ရရှိရေး၊ ပြီးတော့ အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဆွေးနွေးနေတာကို ထောက်ခံအားပေးတယ် ဆိုတဲ့အချက်တွေပါဝင်တဲ့ လက်ရှိ ရခိုင်ပြည် အရေးနဲ့ ပတ်သက်တာတွေကို သဘောထား ထုတ်ပြန်ထားတာပါ” ဟု နိရဥ္စရာ သတင်းဌာနအား ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များ ကျိုင်းတုံ ဆွေးနွေးပွဲအား ဆောင်ရွက်နိုင်မှုနှင့် စက်တင်ဘာလ (၁၆၊ ၁၇)ရက်နေ့ များတွင် ပြန်လည်တွေ့ဆုံ ညှိနှိုင်း အဖြေရှာ ဆောင်ရွက်နေမူအားကြိုဆိုကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော အခြေနေများအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရေး သည်သာ စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ “အစ” ပြုခြင်းဖြစ်သည်ဟု  ကော်မတီမှ ယုံကြည်ကြောင်းဖော်ပြသည်။

၎င်းပြင် ရခိုင်ပြည်နယ် အတွင်း အင်တာနက်လိုင်းများအား မြို့နယ် တချို့အားပြန်လည် ဖွင့်ပေးခြင်းကို ကြိုဆိုပြီး ကျန်ရှိနေသော မြို့နယ်များအား အင်တာနက်လိုင်းများဖြတ်တောက်မှုကို အမြန်ဆုံးပြန်လည်ဖွင့်ပေးရန်လိုအပ်ကြောင်း ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။

 ရခိုင်ပြည်နယ်အတွင်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာကာ(IDP) ယာယီ စခန်းများတွင် နေထိုင်ကြသော ရခိုင်ပြည်သူလူထုများအား ပြည်တွင်း၊ ပြည်ပ အလျှူရှင်များနှင့် NGOs/INGOs အဖွဲ့အစည်းများမှ လွတ်လပ်စွာ ကူညီထောက်ပံ့နိုင်ရေး နှင့် အစိုးရမှ တာဝန်ခံမှု အပြည့်အဝဖြင့် ကူညီပေးရေးစသည့်အချက် ၄ ချက်ကို ထည့်သွင်းဖော်ပြထားသည်။

ရခိုင်အမျိုးသား ညီညွတ်ရေးကော်မတီအဖွဲ့သည် ဇွန်လကလည်း အလားတူ အချက်အချို့ပါဝင်သော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း ရခိုင်အမျိုးသား ညီညွတ်ရေးကော်မတီအဖွဲ့မှ သိရသည်။

ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီကို ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခနှင့် အခြားကိစ္စရပ်များအား အစိုးရနှင့် ပြည်သူ အကြား ကြားဝင်ညှိနှိုင်းပေးရန်ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့်မတ်လ ၁၈ ရက်နေ့၌ ရခိုင်တစ်ပြည်နယ် တစ်မြို့နယ်မှ ကိုယ်စားလှယ် နှစ်ဦးကျစီဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ