ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ထောင်နှစ်(၂ဝ) ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်၏ (၆၂) နှစ်ပြည့်မွေးနေ့ သူ့ဇာတိမြေတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂/၂၁ဝ၉

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သား ဒီမိုကရေစီအစိုးရလက်ထက် ပထမဆုံး ကြီးလေးသော ထောင်ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်၏ (၆၂) နှစ်မြောက် မွေးနေ့ကို နိုဝင်ဘာ ၁ ရက်နေ့က သူမွေးရာဇာတိ ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားကို ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၊ ဓညဝတီ ကျောင်းတွင်ပြုလုပ်ခဲ့ပြီး ဓညဝတီ ကျောင်းဆရာတော် အပါအဝင် ဒေါက်တာအေးမောင်အားကြည်ညို လေးစားသူ လူပေါင်း ၁၅ဝ ခန့်တက်ရောက်ခဲ့သည် သိရသည်။

“ အဓိကတော့ ဒေါက်တာအေးမောင်ဟာ နိုင်ငံရေးကြောင့် ထောင်ကျခံနေရတာ ဖြစ်တယ်။ သူ့မွေးနေ့မှာ မွေးနေ့ဆုတောင်းလိုတဲ့ အတွက် ပြုလုပ်တာဖြစ်ပါတယ်။ ဒေါက်တာအေးမောင် ထောင်ထဲကနေ ပြန်လွှတ်ပြီး တိုင်းပြည်အကျိုး၊ လူမျိုး အကျိုးကို ဒီထက်မက ဆောင်ရွက်နိုင်ပါစေဆိုပြီး ဆုတောင်းကြပါတယ်။ ဒေါက်တာအေးမောင် သက်တော်ရာကျော် ရှည်ပါဆိုပြီးလည်း ဆုတောင်းခဲ့ကြပါတယ်” ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောကြားသည်။

ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အောင်ဆိပ် ကျေးရွာတွင် ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးမောင်သည် ရသေ့တောင်မြို့တွင် ကျင်းပခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနား စာပေဟောပြောပွဲတွင် ဟောပြောမှုကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့တွင် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ သူ့ နေအိမ်တွင် ဖမ်းဆီးခံခဲ့သည်။

၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁ဝ ရက်နေ့တွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ကို ရုပ်သိမ်းခဲ့သော်လည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပုန်ကန်မှုတို့ဖြင့် တရားစွဲဆိုရန် စစ်တွေခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့သည်။

၂ဝ၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင် တရားရုံးမှ ဒေါက်တာအေးမောင်အား စာရေးဆရာ ဝေဟင်အောင်နှင့် အတူ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ (၁၂၂) ဖြင့် ထောင်ဒဏ် နှစ် ၂ဝ၊  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ (၅ဝ၅)  ဖြင့် ၂ နှစ်၊ စုစုပေါင်း တစ်ပေါင်းတည်း ထောင်ဒဏ်နှစ် (၂ဝ) ချမှတ်ခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးအပေါ်မှ ခုလိုမျိုး မလုပ်သင့်ဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ တစ်ဦးတည်းသော နိုင်ငံရေး သက်သက်လုပ်တဲ့ နိုင်ငံရေး သမားတစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေး စာပေဟောပြောပွဲမှာ နိုင်ငံရေး သဘောတရားပါချင်လည်း ပါမယ်။ ခုလို ဟောပြောတဲ အတွက် နှစ်ရှည် ထောင်ချတာမျိုးက မဖြစ်သင့်ဘူး။ ဆရာတော် ဦးဥတ္တမတောင် ဗြိတိသျှ နယ်ချဲ့ သမားတွေကို တော်လှန်ဖို့ တိုက်ရိုက်စိန်ခေါ်ပြီး ဟောပြောတာတောင် ထောင် တစ်နှစ်ခွဲလောက်ဘဲ ချခံရတယ်။ အခုက အလွန်များတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် ခုလို အမျိုးသား သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး အတွက် ဆောင်ရွက် နေတဲ့ အချိန်ကာလမျိုးမှာ ဒါလုံးဝ မလုပ်သင့်ဘူး။ လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်” ဟု ပြောကြားသည်။

ယခုအခါ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒေါက်တာ အေးမောင်၏ ၆၂ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရခိုင်ဦးဆောင်ပါတီ ရုံးချုပ်တွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

-----------------

Unicode:



နိရဉ်စရာ၊ နိုဝငျဘာ ၂/၂၁ဝ၉











ဆက်စပ် သတင်းများ