ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်နေ့သဝဏ်လွှာ မရှင်းလင်းသော အချက်တစ်ချက်ပါဝင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ၁၅/၂ဝ၁၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ (၄၅) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် “ ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်မူဝါဒနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် မြန်မာနိုင်ငံ၏ အခြား တိုင်းဒေသကြီး/ ပြည်နယ်များနည်းတူ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရပါသည်” ဟု ရေးသားဖော်ပြထားသည်။

အဆိုပါ သဝဏ်လွှာအရ ရခိုင်ပြည်နယ်သည် အခြား အခြားတိုင်းဒေသကြီး/ပြည်နယ်များ “နည်းတူ” ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရပါသည်ဟု ဖော်ပြထားသဖြင့် အခြား အခြားတိုင်းဒေသကြီး/ပြည်နယ်များမှာလည်း ရခိုင်ပြည်နယ် နည်းတူ ဖွံ့ဖြိုးမှု နိမ့်ကျနေသည်ဟု ဆိုလိုသည့် သဘော ဖြစ်နေသည်။

သို့အတွက် အဆိုပါ ရေးသားဖော်ပြချက်နှင့် ပတ်သက်ပြီး အဓိပ္ပါယ်မှာ မည်သည်ကို ရည်ရွယ်ဆိုလိုသည့် သဘောမျိုး နားလည်ပါသလဲဟု မြန်မာအရေး လေ့လာသုံးသပ်သူ ဆရာ ဦးမောင်မောင်စိုးအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်  မေးမြန်းခဲ့သည်။

ဆရာဦးမောင်မောင်စိုးက “ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ် ဖြစ်ကျန်ခဲ့တာက ချင်းနဲ့ ရခိုင်ဖြစ်တယ်။ အမှန်ဖြစ်သင့်တာက ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက်မူဝါဒနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီး/ပြည်နယ်များထက် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရပါသည်လို့ အဲသလို ဖော်ပြသင့်တာပေါ့။ နည်းတူ ဆိုတာထက် ပိုပြီး နိမ့်ကျနေတဲ့ သဘောကို  ဖော်ပြသင့်ပါတယ်” ဟု ပြောဆိုသည်။
 
မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီး/ပြည်နယ်များနည်းတူ ဖွံ့ဖြိုးမှုနိမ့် ကျနေသည်ဟု ရေးသားခြင်းမှာ မဟုတ်မှန်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထားနဲ့ သယံဇာတ ပေါကြွယ်ဝမှု အရ တစ်ခြားပြည်နယ်၊ တိုင်းတွေထက် တိုးတက်သင့်တယ်။ အခု မတိုးတက်တဲ့ အပြင်နိမ့်ကျနေတယ်။ နည်းတူ ဆိုတာ မပြောနဲ့။ ချင်းနဲ့ ရခိုင်က  ပြည်နယ်နဲ့ တိုင်းတွေ အကုန်လုံးထက် နိမ့်ကျနေတယ်။ ခေတ်အဆက်ဆက်မူဝါဒနှင့် စီမံခန့်ခွဲမှုအမှားများကြောင့် ရခိုင်ပြည်နယ်ဟာ အခြား တိုင်းနဲ့ ပြည်နယ်တွေထက် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရပါသည်လို့ အဲသလို ဖြစ်ရမှာ။ တကယ်လည်း ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ် ဖြစ်နေတယ်။ အခြားပြည်နယ်နဲ့ တိုင်းတွေထက်စာရင် ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးမှု နိမ့်ကျနေတယ်။ ဒါဟာ ခေတ်အဆက်ဆက်မူဝါဒနှင့် စီမံခန့်ခွဲမှုအမှားတွေကြောင့် ဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောသင့်၊ ဖော်ပြသင့်တာပေါ့” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။ 

ယခုကဲ့သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသွားရခြင်းမှာ အုပ်ချုပ် အစိုးရ အဆက်ဆက်တို့၏ ရခိုင်ပြည်နယ် အပေါ် စေတနာမမှန်ကန်မှုခြင်း ဖြစ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်နေသော ပဋိပက္ခမှာ ယင်း၏ အကျိုးဆက်ဖြစ်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။.

နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် မိမိတို့ အစိုးရ အနေဖြင့် နိုင်ငံတော် တာဝန်များကို စတင်ထမ်းရွက်သည်နှင့်တစ်ပြိုင်နက်ရခိုင်ပြည်နယ် အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများဖွဲ့စည်းကာ အထူးဦးစားပေး၍ ကြိုးပမ်းခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စု စီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းကို ဖွဲ့စည်း ချမှတ်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားသည်။

မြန်မာအရေး လေ့လာသုံးသပ်သူ ဆရာ ဦးမောင်မောင်စိုးက နိုင်ငံတော်သမ္မတ၏ ရခိုင်ပြည်နယ်နေ့ ပေးပို့သော သဝဏ်လွှာမှာ လက်ငင်း ရခိုင်ပြည်နယ် ပြဿနာနှင့် ပတ်သက်ပြီး အားနည်းချက်ရှိနေကြောင်း ပြောကြားသည်။

“ သမ္မတက ဖွံ့ဖြိုးမှု ဆောင်ရွက်မှု အပိုင်းကို အသားပေးရေးထားတာကိုတွေ့ရတယ်။ အဲဒီဟာနဲ့ တစ်ဆက်တည်းမှာ ရခိုင်ပြည်မှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုဘဲ ဆက်ရေးထားတဲ့ အခါကျတော့ ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ အားနည်းချက်တွေ ရှိတာကိုဘဲ ဇောင်းပေး ရေးထားတယ် ထင်တယ်။ လက်တွေ့ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးပြဿနာ ဖြစ်တဲ့ ဖက်ဒရယ်ပြဿနာနဲ့ လက်ရှိ အေအေနဲ့ လက်နက်ကိုင်တိုက်ပွဲ ဖြစ်နေတဲ့ လက်ဝင်းပြဿနာတွေ မပါဘူးပေါ့။ အဲဒီတော့ လက်ငင်း လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေအပေါ်မှာ ဒီသဝဏ်လွှာ အားနည်းချက်ရှိတယ်လို့ ဆိုရမှာပါ” ဟု ပြောဆိုသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ၁၅/၂ဝ၁၉




 






ဆက်စပ် သတင်းများ