ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ALD မှ ကမ်းလှမ်းသော ရခိုင်သုံးပါတီ တွေ့ဆုံဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၁ဝ / ၂ဝ၂ဝ

ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်ပါတီသုံးခုတွေ့ဆုံဆွေးနွေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ( ALD) ကမ်းလှမ်းထားသော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ကိုယ်စားလှယ် မရောက်လာသဖြင့် ဆွေးနွေးမည့်ရက်ကို ဧပြီ ၅ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲကို မတ်လ ၈ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP) တို့မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ ကမကထပြု ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ALD ပါတီမှ ဥက္ကဋ္ဌ ဦးကျော်မြင့်က "ANP ကပဲ နှစ်ယောက်တက်တယ်။ AFP က ရောက်မလာဘူး။ ရောက်မလာတော့ ကျနော်တို့က အဲလိုဆို မပြည့်မစုံဘူးပေါ့လေ။ နောက် ထပ်ပြီး ချိန်းလိုက်ကြရအောင်။ သုံးပါတီရှိတာ သုံးပါတီစလုံး စုံစုံညီညီနဲ့ ဆွေးနွေးရတာက ပိုပြီးတော့ ကောင်းမယ်ဆိုပြီးတော့ ရက်ရွှေ့လိုက်ကြတယ်"ဟု ပြောသည်။

ပါတီသုံးခု စုံစုံညီညီတွေ့ဆုံဆွေးနွေးနိုင်ရန် လာမည့် ဧပြီလ ၅ ရက်နေ့ကို ပြန်သတ်မှတ်လိုက်ပြီး ဆီဒိုးနားဟိုတယ်၌ ထပ်မံတွေ့ဆုံရန်ဆုံးဖြတ်ခဲ့ကြသည်။ ဆွေးနွေးပွဲ တက်ရောက်ခြင်းမရှိခဲ့သည့် AFP ပါတီကိုလည်း ထပ်မံဖိတ်ကြားသွားဦးမည်ဟု ၎င်းက ပြောဆိုသည်။

ယခုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)၏ဥက္ကဋ္ဌ ဦးခင်နုအား နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့ရာ သူ ခရီးသွားနေသဖြင့်  ဖုန်းလိုင်း အဆင်မပြေ၍ ဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပါ။

AFP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူက ဦးကျော်လွင်ကမူ "အဓိကကတော့ ဒီပါတီမှာက ဒေါက်တာအေးမောင်ရဲ့သဘောထားပါ။ သူက ဒီဟာ တွေ့ဆုံဖို့ မသင့်ဆိုတဲ့ မှတ်ချက်မျိုးကို သူက ပေးတာဖြစ်တဲ့အတွက် ကျနော်တို့ တွေ့ဆုံဖို့ မဆုံးဖြတ်နိုင်သေးပါ။ သို့သော်လည်း တစ်ခုရှိတာက ကျနော့်ရဲ့ ခံစားချက်နဲ့ပြောရမယ်ဆိုရင် အမှန်တကယ် ရခိုင်ပြည်နိုင်ငံရေးကို ဆွေးနွေးကြရမယ်ဆိုရင် အားလုံးပါတီကို ဖိတ်။ နိုင်ငံရေးသမားတွေ အားလုံးဖိတ်။ သို့မဟုတ် ရခိုင်ပြည်မှာ ရှိသမျှ ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေ၊ ဆွေးနွေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ အားလုံးကို စုလို့၊ ပေါင်းလို့ အဲလိုလုပ်မှပဲ ကျနော်က ပြည့်စုံမယ်လို့ မြင်ပါတယ်"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

AFP ပါတီကို ဧပြီ ၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံရန် ALD က ထပ်မံဖိတ်ကြားလာလျှင်လည်း တက်ရောက်ရန်အစီအစဉ်မရှိသေးဟု ဦးကျော်လွင်က ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေမှုကြောင့် အပြစ်မဲ့အရပ်သား အများအပြား သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ၊ သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိပြီး တိုက်ပွဲ များကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေသည်လည်း တစ်သိန်း နှစ်သောင်းကျော် အထိရှိနေပြီဖြစ်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများမှ သတင်း ထုတ်ပြန်ထားသည်။

----------------------------

Unicode:












ဆက်စပ် သတင်းများ