စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဒေါက်တာအေးမောင်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှပယ်ဖျက်ပြီး လာမည့်ရွေးကောက်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပါရုပ်သိမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.9k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ မေ ၂၁/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ လူသိများသည့် ခေါင်းဆောင် တစ်ဦးဖြစ်သည့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ပါ မရှိတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။ 

ဒေါက်တာအေးမောင်သည် ၂ဝ၁၇ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၂(၁) နှင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၅ဝ၅(ခ)တို့အရ စစ်တွေခရိုင်တရားရုံးမှ ထောင် နှစ် (၂ဝ) ချမှတ်ခံထားရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ထဲတွင် ဒေါက်တာ အေးမောင်သည် နိုင်ငံတော် ရာဇသတ်ကြီးပုဒ်မှု ၁၂၂(၁) နှင့် ရာဇသတ်ကြီးပုဒ်မအကြည်ညိုပျက်စေမှု ၁၂၂(၁) နှင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၅ဝ၅(ခ)တို့အရ စစ်တွေခရိုင်တရားရုံး၏ ပုဒ်မ ၅ဝ၅(ခ)တို့အရ စစ်တွေခရိုင်တရားရုံး၏ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရပြီး တရားရုံးအဆင့်ဆင့်သို့ အယူခံဝင်ခဲ့သော်လည်း ၂ဝ၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံး၏ အမိန့်ကို အတည်ပြုခဲ့သဖြင့် တည်ဆဲဥပဒေအရ ထောင်ဒဏ် ကျခံရသူဖြစ်ကြောင်း စိစစ်တွေရှိရသည်ဟု ဖော်ပြသည်။ 

ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် စစ်တွေခရိုင်တရားရုံးမှ စီရင်ချက်ချမှတ်သည့် ၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်းနှင့် ယင်းအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ကြေညာအပ်ပါသည်။

၎င်းပြင် ဒေါက်တာ အေးမောင်အား ပြည်သူလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ (က)အရ ယနေ့မှစ၍ နောင်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိကြောင်း ကြေညာအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ယခုကဲ့သို့ ဒေါက်တာအေးမောင်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်လိုက်ခြင်းအပေါ်  ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ဒါကတော့ လွှတ်တော် အမတ်တစ်ယောက်ရဲ့  ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ဘဲ ယူဆတယ်။ ဒီလို တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ဒီလိုမျိုးလုပ်လိုက်တာကတော့ တိုင်းရင်းသားတွေ အားလုံးကို ဖိနှိပ်ချုပ်ချယ်မှုအတွက် အချက်အလက်ပြတဲ့ သဘောဖြစ်တယ်။ ထောင်ကျပြီးမှ နိုင်ငံခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ ဖြစ်သွားတာတွေလည်း ရှိတာဘဲ။ ဒါကြောင့် ဒီဥပဒေကို ပြန်ပြင်သင့်တယ်”ဟု ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က “ လွှတ်တော်ဥက္ကဋ္ဌတို့ အစည်းဝေးထိုင်ကြတယ်ပေါ့။ ထောင်လည်း ကျသွားတယ်။ အယူခံလည်း အဆုံးထိ ပြီးသွားပြီဆိုတော့ ဒါက လွှတ်တော်ကိုယ်စားလှယ် မဖြစ်သင့်ဘူးဆိုပြီး ဆုံးဖြတ်ကြလို့ ဒီနေ့ ကြေငြာချက်ထုတ်တာ။ အဲဒါကတော့ လွှတ်တော်က ပယ်ရမှာ ဥပဒေမှာလည်း ရှိပါတယ်။ ထောင်ကျသွားတဲ့ လူတစ်ယောက်ဟာ လွှတ်တော်ကိုယ်စားလှယ် မဖြစ်သင့်ဘူးပေါ့နော်။ အဲဒီ ဥပဒေအတိုင်း သူတို့ ဆုံးဖြတ်လိုက်ကြတာပါ။ ” ဟု ပြောသည်။

ဒေါက်တာ အေးမောင်သည် ၂ဝ၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ရသေ့တောင်မြို့တွင် ကျင်းပ ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ရခိုင် လူငယ်စာရေးဆရာ ဝေဟင်အောင်နှင့်အတူ စာပေဟောပြောရာတွင် နိုင်ငံတော်ကို ထိခိုက်သည့် စကားလုံးများကို အသုံးပြုခဲ့သည်ဟုဆိုကာ နှစ်ဦးစလုံးကိုဖမ်းဆီးပြီး စစ်တွေခရိုင် တရားရုံးက ၂ဝ၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂ဝ ချမှတ်ခဲ့သည်။ 


ဆက်စပ် သတင်းများ