သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးလမ်းပေါ်မခေါ်နိုင်ရင် စစ်ရှိန်မြင့်လာနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၅/၂ဝ၂ဝ

NCA အပစ်ရပ်လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ မခေါ်ယူနိုင်လျှင် ရခိုင်ပြည်နယ်မှာသာမက မြောက်ပိုင်းတွင်လည်း စစ်ရှိန်မြင့်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောဆိုသည်။ 

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့်  ဝ၊ ကချင်၊ ကိုးကန့်၊ တအာင်းစသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC အဖွဲ့ဝင် (၆)ဖွဲ့မှ  ဩဂုတ် ၂၁ ရက်နေ့မှာ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း စစ်ရေးအခြေအနေ မည်သို့ဖြစ်လာနိုင်ပါသလဲဟု ဆက်သွယ်မေးမြန်းစဉ်  ဆရာဦးမောင်မောင်စိုးက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ 

“ မြောက်ပိုင်းအဖွဲ့တွေ့နဲ့ လောလောဆယ် အပစ်ရပ်ရေးလည်းဝေး၊ နိုင်ငံရေးဆွေးနွေးမှုတွေလည်း ဝေးနေတဲ့ အချိန်မှာတော့ စစ်ရေးတင်းမာမှုတွေကတော့ ပိုပြီးတော့ မြင့်တက်လာနိုင်တယ်။ လောလောဆယ်မှာတော့ ရခိုင်မှာဘဲ တိုက်ပွဲအရှိန်က မြင့်နေမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ မြောက်ပိုင်းအဖွဲ့တွေကတော့ တရုတ်နယ်စပ်မှာရှိနေတယ်။ Covid -19 ကလည်း ဖြစ်နေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ လှုပ်ရှားမှုကတော့ အကန့်သတ်ရှိအုံးမယ်ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီအခြေအနေကို ဆက်ပြီးတော့ ကျနော်တို့က ဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို မခေါ်နိုင်ဘူး။ Bilateral လမ်းကြောင်းကို မခေါ်နိုင်ဘူး၊ မဆွေးနွေးနိုင်ဘူးဆိုရင်တော့ မြောက်ပိုင်းမှာလည်းဘဲ စစ်ရှိန်မြင့်လာနိုင်တယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်းမရှိဘဲ စစ်ရှိန်မြင့်လာနေပြီး AA မှ စစ်ရေယာဉ် များကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြစ်ပေါ်လာသဖြင့် ယင်းအပေါ် မည်သို့ ထင်မြင်သုံးသပ်ပါသလဲဟု မေးမြန်းရာ သူက ယခုလို သုံးသပ် ပြောဆိုသည်။

“ စစ်ရဲ့အခြေနေကတော့ ရေတပ်တိုက်ပွဲမဖြစ်လည်း ဖြစ်နေတာပါဘဲ။ ရခိုင်မှာ ရေကြောင်းတိုက်ပွဲတွေ ဖြစ်လာတာကတော့ ရခိုင်မြေပြင် ထူးခြားချက်ကြောင့်ပါ။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ရေကြောင်း တိုက်ပွဲမရှိဘဲ ရခိုင်မှာ ရှိလာတာကတော့ ရခိုင်က ရခိုင်မြောက်ပိုင်းသည် နတ်မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ မြစ်လေးမြစ်ရဲ့ မြစ်ဝှမ်းပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် နတ်မြစ်ကတော့ နယ်စပ်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒီစစ်ဆင်းရေးထဲမှာ မပါပေမယ့် ဒီကုလားတန်မြစ်၊ လေးမြို့မြစ်၊ မယူမြစ်တွေကတော့ စစ်ဆင်ရေး နယ်မြေမှာ ပါနေပါတယ်။ ဒါကြောင့် တပ်မတော်ကလည်းဘဲ အစောပိုင်းကာလတွေထဲက ပီးခဲ့တဲ့ နှစ်တွေထဲက ရေကြောင်းစစ်ဆင်ရေးတွေ လုပ်လာတာကို တွေ့ရပါတယ်။ ရေတပ်သင်္ဘောတွေလွှတ်ပီးတော့ ရေတပ်ကို စစ်ကူပေးတာတွေဖြစ်ဖြစ်၊ တပ်တွေ အပြောင်းအလဲ လုပ်တာတာဘဲ ဖြစ်ဖြစ်၊ ရိက္ခာထောက်ပံ့တာဘဲဖြစ်ဖြစ် ရေကြောင်းစစ်ဆင်ရေးလုပ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ရေကြောင်း စစ်သင်္ဘောတွေကို အသုံးပြုပြီးတော့။ အဲအခြေခံပေါ်မှာ AA ကလည်းဘဲ ရေကြောင်းမှာ ပြန်လည်တုံ့ပြန်တိုက်ခိုက်တာတွေရှိလာတယ်လို့ဘဲ ပြောရမှာပါ။ စစ်ရှိန်ကတော့ ဒီတစ်ခုတည်းကြောင့် မြင့်လာတယ်လို့ ပြောလို့မရပါဘူး။ စစ်ရှိန်ကတော့ ကျန်တဲ့ ဒီမြေပြင်တိုက်ပွဲတွေကလည်း စစ်ရှိန်မြင့်နေတာဘဲ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။ 


ဆက်စပ် သတင်းများ