သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး AA ထုတ်ပြန်ချက် သတိနှင့်ကြိုဆိုရမည်ဟု NLD မုံရွာအောင်ရှင်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

အိ်မ်စိုးဖြူ
နိရဥ္စရာ၊ နိိုဝင်ဘာ၁၂/၂ဝ၂ဝ

ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနို်င်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)မှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့စွဲနှင့် ထုတ်ပြန်ချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာဦးအောင်ရှင်က သတိနှင့် ကြိုဆိုရမည်ဟု ပြောကြားသည်။

“ ဒီလိုကြေညာချက် ထုတ်တဲ့အပေါ်မှာတော့ ကျနော်တို့ကတော့ သတိထားရမှာပါပဲ။ သတိနဲ့ ကြိုဆို ရမှာပေါ့လေ။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်တာ အဓိက အချက်ကတော့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးပေါ့နော်။ တည်ငြိမ်ရေးတွေ မရှိလို့ ရွေးကောက်ပွဲကို ကျနော်တို့ မကျင်းပနိုင်ဘူး ဆိုပြီးတော့ ကြေညာရတာ။ အဲလို့ ကြေညာတဲ့အခါမှာ မြို့နယ် (၉) ခုပေါ့နော်။ မြို့နယ် (၉) ခုကို ဒီလို့ ကြေညာလိုက်တဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေက ဘယ်လောက် နစ်နာလည်းဆိုရင် ၁ သန်း နီးပါး နစ်နာတယ်။ ရွေးကောက်ပွဲအတွက် မဲထည့်ဖို့အတွက် နစ်နာတယ်။  တနည်းအားဖြင့်ပြောရရင်တော့ ၇၅ ရာခိုင်နှုန်းလောက် တော်တော့လည်း နစ်နာသွားကြတယ်။ ရခိုင်ပြည်သူတွေ မဲမထည့်ရတော့ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးနစ်နာတာပေါ့နော်။ နောက်တစ်ချက်က ပြည်သူလူထုတွေ မကဘူး ရခိုင်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားပါတီတွေလည်း နစ်နာတာပဲ။ ရွေးကောက်ပွဲ မကျင်းပရတဲ့ အတွက်ကြောင့် ရခိုင် လွှတ်တော်မှာ အင်အားနည်းသွားတယ်။ နောက် ရခိုင်လွှတ်တော်မှာ အင်အားနည်းသွားတဲ့ အတွက်ကြောင့် ရခိုင်လွှတ်တော်ထဲမှာ သို့မဟုတ် ပြည်ထောင်စု လွှတ်တော်မှာ ရခိုင်ပြည်နယ်အတွက် ပြောရေးဆိုခွင့်ရှိတဲ့လူ ပြောရ၊ ဆိုရတာ အားနည်းတာပေါ့။ အဲဒီအချက်တွေ အားလုံးက ရခိုင်ပြည်နယ်မှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေး ကင်းမဲ့လို့ဖြစ်တာ။ အဲတွက် အခု တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပြန်ပြီးတော့ ရောက်လာမယ်ဆိုလို့ရှိရင် ရခိုင် (AA)က ကြေညာသလို့ပဲ (AA) က မေတ္တာရပ်ခံသလို့ပဲ ကျနော်တို့ ရွေးကောက်ပွဲကို အချိန်တစ်ခုမှာပေါ့လေ။ သင့်တော်တဲ့ အချိန်တစ်ခုမှာ ပြန်ပြီးတော့ ကျင်းပနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်အဲလောက်ပဲ ပြောနိုင်ပါတယ်။”

ရက္ခိုင့်တပ်တော် (AA)၏  ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အနိုင်အရှုံးရလဒ်နှင့် အစိုးရဖွဲ့နိုင်မည့် ပါတီထွက်ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ်အများစု၌ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သဖြင့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ နစ်နာခဲ့ရပါကြောင်း၊ ရွေးကောက်ပွဲ မကျင်းပ ရသေးသည့် မြို့နယ်များ၌ ပြန်လည်ကျင်းပနိုင်ရန် မိမိတို့ အဖွဲ့အစည်းမှ မှန်ကန်ရိုးသားသော သဘောထားဖြင့် လိုလားပါကြောင်း၊ အဆိုပါ နေရာများ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပထမဆုံးအနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား နိုဝင်ဘာ ၁၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုးမြှင့်ထားပါကြောင်း၊ မြန်မာ့ တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်နေသော  ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပုူးပေါင်း လုပ်ဆောင်သင့်ကြောင်း ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန် အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ULA/AA မှ ဆန္ဒရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် မုံရွာဦးအောင်ရှင်မှ NLD အစိုးရ အနေဖြင့်  အမျိုးသားညီညွှတ်ရေးအစိုးရ ထူထောင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားသွားသည်။

“ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ်လေ အမျိုးသားညီညွှတ်ရေးအစိုးရ ထူထောင်မယ်လို့ ပြောထားတဲ့ အတွက်ကြောင့် တကယ့် ညီညွှတ်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားကြရမှာပါပဲ။ ညီညွှတ်တဲ့ အစိုးရ တစ်ရပ်ဖြစ်အောင် ကြိုစားတဲ့အခါမှာတော့ တိုင်းရင်းသားတွေနဲ့ မပူပေါင်းဘဲနဲ့ တိုင်းရင်းသားတွေနဲ့ လက်မတွဲဘဲနဲ့ ညီညွှတ်တဲ့အစိုးရမဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့် တိုင်းရင်းသားတွေနဲ့ သွေးစည်း ညီညွှတ် ပြီးတော့၊ လက်တွဲပြီးတော့ သေသေချာချာ လုပ်နိုင်မယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ အခြေအနေ ရောက်မှာပဲလို့ ကျနော်ပြောချင်ပါတယ်။”

ဆက်စပ် သတင်းများ