ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

AAကို အကြမ်းဖက်အဖွဲ့အဖြစ်သုံးနုန်းခြင်း အကြောင်းနှစ်ချက်ရှိဟု NLD ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည် မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ နိုဝင်ဘာ၁၉/၂ဝ၂ဝ

ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာချက်အမှတ် (၁/၁၁/၂ဝ၂ဝ) ကြေညာချက် တစ်စာင်ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် တောင်ကုတ်မြို့မှ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် လောင်း ၃ ဦးနှင့်ပတ်သက်ပြီး စာပိုဒ် (၇) တွင် အောက်ပါ အတိုင်းရေးသား ဖော်ပြထားသည်။

“ပါတီစည်းရုံးရေးလုပ်ရာတွင် အထူးအခက်ခဲများကို ကြုံတွေ့ခဲ့ရသော ကိုယ်စားလှယ်လောင်းများနှင့် အောင်နိုင်ရေးကော်မတီများအားလုံး၏ တာဝန်သိစိတ်နှင့် ရဲစွမ်းသတ္တိတို့ကို အလေးထား ဂုဏ်ပြု အပ်ပါသည်။ အထူးသဖြင့် အန္တရာယ်များအကြားက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချောတို့အား အထူးချီးမွမ်းဂုဏ်ပြုအပ်ပါသည်။ ဤကဲ့သို့ ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည် ဒီမိုကရေစီ၏ ရေသောက်မြစ်ဖြစ်သော ခွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ဖြစ်မြောက်ရေးကို အထိ နာစေပါသည်။ တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံးပြန်လည် လွှတ်ပေးရေးအတွက်လည်း တောင်းဆိုလိုက်ပါသည်” ဟု ရေးသားဖော်ပြထားသည်။

အဆိုပါစာပိုဒ်တွင် ရက္ခိုင့်တပ်တော် ( AA)အား အကြမ်းဖက်အဖွဲ့အဖြစ် သုံးနှုန်းထားသဖြင့် အဆိုပါ အသုံးအနှုန်း အပါအဝင် AA အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သဘောထားကို သိရှိလိုသဖြင့်  NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကို မေးမြန်းခဲ့ပါသည်။

မေး -  မနေ့က NLD ရဲ့ ထုတ်ပြန်ချက်မှာ အေအေကို အကြမ်းဖက်အဖွဲ့အစည်းလို့ သုံးနှုန်းထားတာကို တွေ့ရတယ်။ တပ်မတော်တောင် ဒီလိုအသုံးနှုန်းကို ရှောင်လာတယ်။ ဆိုတော့ NLD က အကြမ်းဖက်အဖွဲ့လို့ ဘာကြောင့် သုံးရတာပါလဲရှင့်။
ဖြေ - အကြောင်းနှစ်ချက်ရှိပါတယ်ခင်ဗျား။ လက်ရှိ မြေပြင်အခြေနေမှာ အေအေအဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေငြာထားပါတယ်။ အဲဒါကို မသိချင်ယောင်ဆောင်ပြီးတော့ ယခင်နာမည်ဟောင်းကို သုံးကာမျှနဲ့ အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ ပုံရိပ်က ပျောက်သွားမှာ မဟုတ်ပါဘူး။ တစ်ခါ အေအေရဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့အဖွဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာ၊ နှိပ်စက် ညှဉ်းပန်းတာတွေ ရှိတဲ့အတွက် ဒါဟာ အကြမ်းဖက်အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေပဲ ဖြစ်နေပါသေးတယ်။ အဲဒီတော့ လောလောဆယ် မြေပြင်အခြေနေအရ ကိုက်ညီတဲ့ အသုံးနှုန်းကို ကျွန်တော်တို့ ပုံမှန်အတိုင်း သုံးစွဲတာပဲဖြစ်ပါတယ်။

မေး - NLD က အကြမ်းဖက်လို့ သုံးနှုန်းတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ကုတ်က အမတ်လောင်း ၃ ဦးတို့ လွတ်မြောက်ရေးက ပိုမဆိုးသွားနိုင်ဘူးလား။
ဖြေ - ကျွန်တော်တို့ဟာ ဖမ်းဆီးခံကိုယ်စားလှယ်လောင်း ၃ ဦးရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီးရင် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အဖွဲ့အစည်းရဲ့ ခံယူချက်ပေါ်ပိုပြီး မူတည်ပါတယ်။ သူတို့ဟာ အကြမ်းဖက် လုပ်ငန်းတွေကို စွန့်လွှတ်လိုက်မယ်။ ကိုယ်စားလှယ် ၃ ဦးကို ခြွင်းချက်မရှိ ပြန်လွှတ် ပေးလိုက်မယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ အကြမ်းဖက်အဖွဲ့စည်းဆိုတဲ့ အသုံးအနှုန်းနဲ့၊ သတ်မှတ်မှုနဲ့ မကိုက်ညီသလို ဖြစ်သွားနိုင်ပါတယ်။ အခွင့်အရေး ရလိုမှုနဲ့ ကျွန်တော်တို့ လက်ရှိမြေပြင်အခြေနေကို မသိချင်ယောင်ဆောင်ပြီးတော့ ကျွန်တော်တို့ ပြောင်းလဲ ခေါ်ဆိုဖို့ဆိုတာကတော့ နိုင်ငံရေးခံယူချက်အရ မသင့်တော်ဘူး ထင်ပါတယ်။

မေး - AA အပေါ် NLD ရဲ့ သဘောထားကို သိပါရစေ။
ဖြေ - အေအေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတစ်ခုဆိုတာ မှန်ပါတယ်။ သို့သော် သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်ထည်ဖော်တဲ့အခါမှာ လက်နက်စွဲကိုင်တဲ့နည်းလမ်းကိုသာမကဘဲ ပြည်သူလူထုကို ခြောက်ခြားအောင်၊ ကြောက်ရွံ့လာအောင် အဲဒီအပိုင်းလေးတွေက ပါနေတာ တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရင် အေအေအဖွဲ့နဲ့ လာရောက်ညှိနှိုင်းရမယ်။ နောက်ပြီး သူ့ရဲ့ လွှမ်းမိုးမှုသြဇာရိပ်မကင်းတဲ့ နေရာတွေမှာ ဆက်ကြေးကောက်ခံနေတာတွေ ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ဖမ်းဆီးတာ ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီဟာတွေကို စွန့်လွှတ်ပြီးတော့ သာမာန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လိုမျိုး စစ်ရေးအရ ဆောင်ရွက်တာ ဒါမှမဟုတ်ရင် ပိုပြီးကောင်းတာကတော့ နိုင်ငံရေးအရ ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များကတစ်ဆင့် ကျွန်တော်တို့ ၂၁ ရာစုပင်လုံလမ်းကြောင်းကနေ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကို ပြန်လည်ဆောင်ရွက်မယ်ဆိုရင်တော့ သူ့ရဲ့ ဆောင်ရွက်ချက်နဲ့ လျော်ညီတဲ့ အဖွဲ့အစည်းသတ်မှတ်ချက်တွေ ဖြစ်လာမှာပါ။ အဲဒီလို ဆောင်ရွက်တာဟာလည်း သူတို့ချစ်မြတ်နိုးပါတယ်ဆိုတဲ့ ရခိုင်ပြည်နယ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ရရှိရေးအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။


(ပြီး)


ဆက်စပ် သတင်းများ