အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ကျောက်တော် မဟာမုနိဘုရားအနီး ကားတိုက်မှုဖြစ်၍ ၂ ဦးပွဲချင်းပြီးသေ၊ ၁ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီးတွင် ယနေ့ နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်၍ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာမှ ဦးမောင်ငယ်ချေ (၅၇) နှစ်နှင့် ဒေါ်သိန်းနု (၆ဝ) နှစ်တို့ဖြစ်ကြသည်။

၄င်းတို့မှာ ယနေ့ နေ့လယ် ၃ နာရီခွဲခန့်က ထင်းခုတ်ရာမှ ထော်လာဂျီစီးပြီး ပြန်လာစဉ် မဟာမုနိကျေးရွာရှိ စာသင်ကျောင်းအရှေ့သို့ အရောက် ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းတွင် ကုန်တင်ကားတစ်စီးဖြင့် တိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း မဟာမုနိကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဦးသန်းထွန်းက နိရဥ္စရာကို ပြောသည်။

“သူတို့က ထင်းခုတ်ပြီးအပြန်ရွာကိုသွားတာ။ သုံးယောက်လာတာ ထော်လာဂျီနဲ့။ အဲဒီမှာ မဟာမုနိ စာသင်ကျောင်းရှေ့ကိုရောက်တာနဲ့ ကုန်တင်ကားတစ်စီးက ဝင်တိုက်သွားတာ။ နှစ်ယောက်က ထော်လာဂျီ အောက်မှာ လဲပြီး ပွဲချင်းပြီးသေတာ။ ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာက သိပ်မပြင်းဘူး” ဟု  ၎င်းက ပြောသည်။

တစ်ခြား ဒဏ်ရာရရှိသွားသူမှာလည်း ကျားနင်းကန်ကျေးရွာမှ အသက် ၄ဝ အရွယ် အမျိုးသား တစ်ဦးဖြစ်ကြောင်း သိရသည်။

“ကုန်တင်ကားက ထော်လာဂျီကို ဝင်တိုက်ပြီး မောင်းထွက်သွားတယ်ပေါ့နော်။ အဲဒီကားရဲ့ ဘေးက မီးလုံးတွေက ကွဲပြီး ထော်လာဂျီအနားမှာ ကျကျန်ခဲ့တယ်။ အခု ကန်စောက်နားက ၅၃၉ တပ်ရင်းမှာ ကုန်တင်ကားတစ်စီးကို ဖမ်းထားပါတယ်။ အဲဒီကုန်တင်ကားမှာလည်း ကားဘေးက မီးလုံးတွေ ကွဲပျက်နေတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ဒဏ်ရာရရှိသွားသူအား ကျောက်တော်မြို့နယ်ရှိ ဖြူစင်မေတ္တာပရဟိတကားဖြင့် ကျောက်တော်ဆေးရုံသို့ ယနေ့ ညနေပိုင်းက တင်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ