သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ကုန်တင်ကားတစ်စီးချောက်ထဲသို့ ထိုးကျ၍ ကားဒရိုင်ဘာသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းတွင် ကုန်တင်ယာဉ်တစ်စီးချောက်ထဲသို့ ထိုးကျ၍ ကားဒရိုင်ဘာမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းဖြစ်မှာ ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၁ဝ နာရီကျော်က အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာအနီး ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းရှိ မိုင်တိုင်အမှတ် ၃၅ မိုင် ၇ ဖာလုံအနီးတွင် ဖြစ်ပွားခဲ့သည်ဟု ဆင်ခုံတိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညီသန်းက ပြောသည်။

“အဲဒီလမ်းက တောင်ကုန်းလမ်းပါ။ လမ်းအကွေ့ကို ကွေ့တာ ဘရိတ်မနိုင်လို့ ချောက်ထဲကို ထိုးဆင်းသွားတာ။ ဒရိုင်ဘာက ပွဲချင်းပြီးဆုံးသွားပါတယ်။ ဦးခေါင်းကွဲပြီး ဆုံးသွားတာပါ။ ကားပေါ်မှာက ဒရိုင်ဘာနဲ့ ကားစပယ်ယာ နှစ်ယောက်ပဲပါတာ။ စပယ်ယာက ကားချောက်ထဲကို ဆင်းတာနဲ့ ခုန်ပြီးဆင်းကျန်ခဲ့တယ်။ အဲဒါကြောင့် ဒဏ်ရာ နည်းနည်းပဲ ရလိုက်တယ်။ ဆေးရုံတက်စရာ မလိုလိုက်ဘူး” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူ ကားဒရိုင်ဘာမှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်မှ ဦးအောင်ကို အသက် (၃၅) နှစ် (ဘ) ဦးဖိုးခင် ဖြစ်ကြောင်း သိရှိရသည်။ ၎င်းကားမှာ မန္တလေးမြို့မှ စစ်တွေမြို့သို့ မောင်းနှင်လာစဉ် တောင်ကုန်းပေါ်မှ အနက်ပေ ၂ဝဝ ခန့်အထိ အောက်သို့ ထိုးဆင်းသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ကားမှာ အမြန်ယာဉ် နန်းတော်ဝင်ကားဖြစ်ပြီး ကားပေါ်တွင် ဇီးသီး၊ ပန်းသီးနှင့် လိမ္မော်သီး အပါအဝင် တခြားသစ်သီးများကို မန္တလေးတိုင်းမှ တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းမှာတော့ ကားပေါ်က သစ်သီးတွေကို အဲဒီကားမှာပါတဲ့ ကားစပယ်ယာနဲ့ တခြား အဲဒီပတ်ဝန်းကျင်က လူတွေပါ ဝိုင်းကူပြီး အပေါ်ကို သယ်နေကြတယ်လို့ သိရပါတယ်။” ဟု သူက ဆက်ပြောသည်။

သေဆုံးသွားသည့် ကားဒရိုင်ဘာကို ယင်းနေ့ နေ့လယ် ၁ နာရီခန့်က အမ်းဆေးရုံသို့ နာရေးကားဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ကားတိမ်းမှောက်မှုဖြစ်သည့် နေရာတွင် ယခင်ကလည်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ လူသေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ