အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ကား(၃) စီးဆင့်တိုက်ရာမှ လူပေါင်း ၂ဝ ကျော် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပေါက်ပြင်ကျေးရွာအနီး အမ်း- တောင်ကုတ် ကားလမ်းပေါ်တွင် ကား (၃)စီးဆင့်တိုက်ရာမှ လူပေါင်း ၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့မှ (၁၃) မိုင်ခန့်အကွာရှိ ပေါက်ပြင်ကျေးရွာအနီး အမ်း- တောင်ကုတ် ကားလမ်းပေါ်တွင် ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ ညနေ (၃) နာရီခန့်က ကုန်တင်ကားနှင့် ခရီးသည်တင်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ ယာဉ် (၃) စီး ဆင့်တိုက်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးတွင်ပါဝင်သူ တောင်ကုတ်မြို့ ရှင်သန်ရေးကူညီမှုအသင်မှ ကိုညိုမင်းအောင်က ပြောသည်။
ကိုညိုမင်းအောင်က “ရတနာကားက တောင်ကုတ်ဘက်က ထွက်လာတာ။ ကုန်ကားကကျတော့ အမ်းမြို့နယ်ဘက်က လာတာပါ။ ယာဉ်တိုက်မှုဖြစ်တာကတော့ ရတနာကားနဲ့ ကုန်တင် (၁၂) ဘီးကားနဲ့ မျက်နှာချင်းဆိုင် တိုက်တာ။ ရတနာကားက ဘယ်မောင်းပေါ့။ ကုန်တင်ကားက ညာမောင်းဆိုတော့ ယာဉ်တိုက်မှုဖြစ်တဲ့အခါမှာ ကုန်တင်ကားက ယာဉ်အကူရှိတဲ့ဘက်နဲ့ ရတနာကားက ဒရိုင်ဘာရှိတဲ့ဘက်နဲ့ တိုက်တာ။ အဲဒီမှာ နောက်ကလာတဲ့ ရခိုင့်အားမာန်ဆိုတဲ့ ခရီးသည်တင်ကားက ရတနာကားရဲ့ နောက်ပိုင်းကို ဆင့်တိုက်မိတာပါ။” ဟု ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသည့်ထဲတွင် ကုန်တင်ကားမှ ယာဉ်အကူမှာ ဒဏ်ရာပြင်းထန်ပြီး ကျန်သည့် ခရီးသည်နှင့် ယာဉ်မောင်းများမှာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်သာ ရရှိသွားကြောင်း တောင်ကုတ်မြို့မှ ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည့် ကုန်တင်(၁၂) ဘီးကားမှ ယာဉ်အကူအား တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်တိုက်မှုဖြစ်စဉ်အတွင်းဒဏ်ရာအနည်းငယ်ရရှိသည့်ထဲတွင် အမျိုးသမီး (၅)ဦးပါဝင်ကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားသည့် နေရာသို့ ရှင်သန်ရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်ရေးကား (၂) စီးဖြင့် ညနေ (၃) နာရီ မိနစ် (၃၀)ခန့်တွင်ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် ခရီးသည်များအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ