စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမ်းတွင် ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်၍ ကျောက်ပုံကိုဝင်တိုက်ရာမှ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံး၊ ခရီးသည်များ ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

သျှင်မင်းဇံ
နိရဥ္စရာ၊ သြဂုတ် ၂၈/၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရန်ကုန် - စစ်တွေကားလမ်းမှာပေါ်တွင် ယနေ့နေ့လယ်က ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးရှိကျောက်ပုံအားဝင်တိုက်ရာမှ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ကားပေါ်ပါခရီးသည်များအားလုံး ပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း သိရသည်။
မန္တလေးမှ စစ်တွေသို့ ခရီးသည် ၁၂ ဦးနှင့် ကုန်များတင်ဆောင်ကာမောင်းနှင်လာသည့် ရွှေပြည်စိုး ခရီးသည်တင်ကားသည် ယနေ့ သြဂုတ်လ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က အမ်းတောင်အုပ်စု ဆင်ခုံတိုင်ကျေးရွာအနီးသို့အရောက်တွင် ကားဘရိတ်ပေါက်၍ လမ်းဘေးကျောက်ပုံအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု အမ်းတောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။
"ကားဘရိတ်ပေါက်သွားလို့ဆိုပြီးတော့ လမ်းဘေးကျောက်ပုံကို ဝင်တိုက်လိုက်တာလို့ သိရပါတယ်။ ခရီးသည် ၁၂ ယောက်ပါတယ်။ အမျိုးသားတစ်ယောက်က အဲနေရာမှာ ပွဲချင်ပြီး သေသွားတယ်ဗျာ" ဟု နိရဥ္စရာသို့ ပြောသည်။
သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်မှ အသက် (၃၅ နှစ်)ခန့်အရွယ် ဦးမိုးကျော်သူဖြစ်ပြီး သူသည် ရှမ်းပြည်နယ် မူဆယ်မြို့မှပြန်လာခဲ့ခြင်းဖြစ်သည်။
ကားပေါ်ပါလာသူများအနက် နောက်ထပ်ခရီးသည် အမျိုးသားတစ်ဦးမှာ လက်ရှိတွင် သတိမေ့နေပြီး အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းအကူတစ်ဦးအပါအဝင် ကျန်ခရီးသည်များအားလုံးတွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။
" နောက်ထပ် အမျိုးသားတစ်ဦးက သတိမရသေးဘူး။ သူကတော့ အခြေအနေမကောင်းဘူး ထင်တယ်။ အဲကားထဲမှာ အမျိုးသမီးတစ်ယောက်ပဲပါတယ်။ သူလည်း ဒဏ်ရာတွေသေးတယ်။ ကားကတော့ ခေါင်းတွေ ပြိုသွားတယ်။ မှန်တွေ ကွဲသွားတယ်။" ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသွားသူအား အမ်းပြည်သူ့ဆေးရုံ ရင်ကွဲရုံတွင်ထားရှိပြီး ဒဏ်ရာပြင်းထန်သူများအား အမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားရကြောင်း သိရသည်။
အဆိုပါကားအားမောင်းနှင်လာသည့် အသက် ၄ဝ ကျော်အရွယ် ဒရိုင်ဘာ ဦးဝေကျော်ဦးမှာ အခင်းဖြစ်ပြီးနောက် ထွက်ပြေးသွားကြောင်း အမ်းတောင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က ပြောသည်။


ဆက်စပ် သတင်းများ