ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဘုရားဆင်းတုတော်ကြီး ၂ ဆူပင့်ဆောင်၍ ကမ်းထောင်းကြီးသို့ပြန်လာသည့်ကား အမ်းတွင် တိမ်းမှောက်၍ ၄ ဦးသေပြီး ၉ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

ထက်အောင်
နိရဥ္စရာ၊ မတ် ၁/ ၂၀၂၂
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဘုရားဆင်းတုတော်ကြီး ၂ ဆူပင့်ဆောင်၍ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့ပြန်လာသည့်ကား ၁ စီးတိမ်းမှောက်၍ ၄ ဦးသေပြီး ၉ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
အဆိုပါကားသည် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်နယ်စပ် အမ်းမြို့နယ် ကံမြင့်ကန်ကျေးရွာအနီး တောင်တန်းတွင် ယနေ့ မတ်လ ၁ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားသမားအပါအဝင် လူ ၁၄ ဦးအနက် ၄ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကားတိမ်းမှောက်သည့် အနီးပတ်ဝန်းကျင်ရှိ ပိရေစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြက “ကားမှောက်တဲ့အခြေအနေက တော်တော်ဆိုးတယ်။ လူ ၄ ယောက်ဆုံးသွားတယ်။ ကားမှောက်တဲ့အကြောင်းကတော့ သွားနေတုန်း ကားရဲ့နောက်ဘီးပေါက်သွားလို့ဆိုပြီး သိရတယ်။ ချောက်ထဲတော့မကျဘူး” ဟု ပြောသည်။
ဒဏ်ရာရရှိသူများတွင် ပွန်းပဲ့ဒဏ်ရာအဆင့်သာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ကြောင်းနှင့် ကားပေါ်လိုက်ပါလာသူအားလုံးမှာ လူကြီးပိုင်းအမျိုးသားများဖြစ်ကြောင်း သိရသည်။
ကားပေါ်တွင် ပါလာသူများအားလုံးမှာ အမျိုးသားများဖြစ်ပြီး သူတို့သည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင်ကိန်းဝပ်မည့် ဘုရားဆင်းတုတော်များကို သွားပင့်၍ အပြန်လမ်း၌ ယင်းကဲ့သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ဆင်းတုတော် ၂ ဆူစလုံး ကျိုးပဲ့ပျက်စီးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများကို အမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ