ကြာသပတေး၊ အောက်တိုဘာလ ၃၁ရက်၊ ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ဆဲ ဂွမြို့နယ်တွင် ဂွ-ဧရာဝတီကားလမ်း ပျက်စီးနေမှု ဒေသခံများ ကိုယ်ထူကိုယ်ထပြုပြင်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 418

ဆလိုင်းမိုးအောင်

နိရဉ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၄

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ ဂွမြို့နယ်တွင် ဂွနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့် ကားလမ်းပျက်စီးနေမှုကို ဒေသခံများက ကိုယ်ထူကိုယ်ထပြုပြင်နေရကြောင်း သိရသည်။

 ဂွမြို့နယ်နှင့် ငါးသိုင်းချောင်းသို့ဆက်သွယ်ထားသည့် ရိုးလမ်းပေါ်မှ ဒေသအခေါ် ၁၇ မိုင်တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေသားများနူးလာသည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်၊ မနက်အစောပိုင်းမှစတင်ကာ မြေသားများနိမ့်ဆင်းသွားသည့်အပြင် အက်ကွဲရာများဆိုးဆိုးဝါးဝါးဖြစ်ပေါ်လာပြီး ကားလမ်းမြေ ပြိုကျနေခြင်းဖြစ်သည်။

 ယင်းသို့ပြိုကျပျက်စီးနေမှုများကို ပြိုကျသည့်နေ့မှစတင်ကာ ယခုထိ ဒေသခံများနှင့် ကားသမားများကပူးပေါင်းပြီး တေဘာကားများကိုအသုံးပြုလျက် မြေနှင့်ကျောက်များကို တင်ယူသယ်ဆောင်၍ ကိုယ်ထူကိုယ်ထပြုပြင်သွားလာနေရကြောင်း ဂွမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

 "လမ်းကိုတော့ ပြိုကျတဲ့နေ့ကတည်းက တောင်ပေါ်မှာ ဝါးနဲ့သစ်ခုတ်တဲ့သူတွေ။ ဒေသခံတွေနဲ့ ကားသမားတွေက ကိုယ်ထူကိုယ်ထပြုပြင်နေကြတာပါ။ နိမ့်ဆင်းပြိုကျနေတဲ့ နေရာတွေမှာ မြေနဲ့ကျောက်တို့ထပ်ဖို့တယ်။ ကားသွားလိုက်ရင် ပြန်နိမ့်ဆင်းသွားတယ်။ ထပ်ဖို့ရပြန်တယ်။ အဲဒီလိုမျိုး နေ့တိုင်းလိုလိုပြုပြင်ပြီးသွားလာနေကြရပါတယ်" ဟု ပြောသည်။

 လက်ရှိတွင် ယင်းပြိုကျနေသည့်လမ်းပိုင်းတွင် ဆိုင်ကယ်များ၊ အိမ်စီးကားများနှင့် ၆ ဘီးကားများသာ သွားလာလို့ရပြီး ကုန်တင် ၁၂ ဘီးကားများသွားလာ၍မရဘဲ ရပ်ထားရကြောင်း သိရသည်။

 ကုန်ကားမောင်းသူတစ်ဦးက "ကျွန်တော်တို့ ကားသမားတွေက လမ်းအခြေအနေကိုသိကြတယ်။ ကိုယ့်မောင်းလာတဲ့ ကားရဲ့အလေးချိန်က အဲ့ဒီလမ်းမှာသွားလာဖို့ အဆင်ပြေ၊ မပြေဆိုတာသိကြတယ်။ ကုန်ကားတွေကတော့ ဒီဘက်ကမ်းမှာရပ်ထားရတယ်။ ကားပေါ်ကကုန်တွေကိုချပြီး နောက်တစ်ဘက်ကမ်းကိုပြောင်းရွေ့သယ်ယူပြီးတော့ ခရီးဆက်နေကြရတယ်"ဟု ပြောသည်။

 စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့နယ်အတွင်း ယခုကဲ့သို့ အရေးပါသောလမ်းပိုင်း ဆိုးဝါးစွာပျက်စီးနေမှုကို စစ်ကောင်စီဘက်က တစ်စုံတရာ တာဝန်ယူပြုပြင်ပေးခြင်းမရှိဘဲ လျစ်လျူရှုထားမှုမှာ မဖြစ်သင့်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

 အလားတူ အဆိုပါကားလမ်းရှိ ဂွတောင်ကြားကားလမ်း၏ ဒေသအခေါ်  ၄ မိုင်နှင့် ၅ မိုင်ကြားတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က မိုးများပြီး မြေသားများနူးလာ၍ တောင်မြေများ ပြိုကျခဲ့ရသည်။

 ထိုသို့လမ်းပြိုကျနေ၍ တောင်မြေများ ဆက်လက်ပြိုကျနိုင်သည့်အနေအထားကိုရောက်ရှိနိုင်ပြီး အန္တရာယ်ရှိသည့်အတွက် လမ်းသွားလမ်းလာ ခရီးသည်များအနေဖြင့် သတိထားသွားလာကြရန်လိုအပ်သည်ဟုလည်း ဒေသခံများက ပြောသည်။

 ဓာတ်ပုံ - KGK

ဆက်စပ် သတင်းများ